မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ခံပွဲသို့ လူ နှစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး မန္တလေးနှင့် ရန်ကုန်မြို့များ အပါအဝင် မြို့ကြီးအချို့တွင်လည်း ဆက်တိုက်ကျင်းပသွားရန်ရှိကြောင်း ဦးဆောင်သူများက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်နှင့် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။


ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများ ငှားရမ်းထားပြီးဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ တရားစွဲဆိုထားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည်ထွက်ဆိုခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များ
---------------------------
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ်တွင် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ထိုလူမျိုးစု၏ တရားဝင်ရပိုင်ခွင့်များကို ပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အား ဆန့်ကျင်သည့် အမုန်းတရားများကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစုများကို အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်း၊ ထိုလူမျိုးစုအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း စသည်တို့ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၄၈) ၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်။
ဂမ်ဘီယာနိုင်ငံ၏ လျောက်ထားချက်များ
----------------------
မြန်မာနိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း ၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)အား ချိုးဖောက် ၍ လူမျိုးတုံးသတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့အရ လူမျိုးတုံးသတ်ဖြတ်မှုအား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၅)အရ လူးမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ(၃)တွင် ပြဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရန် လိုအပ်သော ပြဌာန်းထားမှု မရှိခြင်းတို့ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည်။
ကြားဖြတ်စီမံ ဆောင်ရွက်ရန် ဂမ်ဘီယာနိုင်ငံက ICJကို တောင်းဆိုထားချက်များ
-------------------
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ချမှတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှုဥပဒေအား လိုက်နာအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံမှ လိုအပ်သည့် ဆောင်ရွက်ရမည့် ကိစ္စအားလုံးကို အမြန်ဆုံး ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ တပ်မတော်၊ တပ်မတော်အား အထောက်အကူပြုသည့် လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန်၊ လျှောက်ထားချက်တွင် ဖော်ပြထားသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သော သက်သေများအား မြန်မာနိုင်ငံအနေဖြင့် ဖျက်ဆီးခြင်းမပြုရန်၊ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့အနေဖြင့် မည်သည့်လက်တုံ့ပြန်ဆောင်ရွက်ချက်မျှ မပြုလုပ်ရန်နှင့် လျှောက်ထားချက်တွင် ပါရှိသော လက်ရှိအငြင်းပွားမှုအား ပိုမိုဆိုးရွားစေမည့် မည်သည့်ဆောင်ရွက်ချက်ကိုမှ မပြုလုပ်ရန်၊ မြန်မာနှင့် ဂမ်ဘီယာ နှစ်နိုင်ငံမှ ကြားဖြတ်စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုအစီရင်ခံစာအား ကြားဖြတ်စီမံဆောင်ရွက်ချက်များ စတင်ချမှတ်သည့်နေ့မှစ၍ (၄)လထက် နောက်မကျစေဘဲ တရားရုံးသို့ တင်ပြရန်တို့ဖြစ်သည်။
(ကိုးကား - နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













