မေးမြန်းခန်းရွေးကောက်ပွဲ

“ရွေးကောက်ပွဲကာလကို အခုလက်ရှိတိုက်ပွဲဖြစ်တဲ့အခြေအနေနဲ့ ထပ်တူကျအောင် သွားစဉ်းစားလို့မရဘူး”

၂၀၁၄ ခုနှစ် မတ်လက စတင်တည်ထောင်ခဲ့သည့် ရခိုင်အမျိုးသာပါတီ (ANP) သည် ရခိုင်ပြည်နယ်တွင် အားအကောင်းဆုံးပါတီတစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိသည့်အတွက် လွှတ်တော်အရပ်ရပ်တွင် ANP အမတ်များ နေရာယူနိုင်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း ပါတီတွင်း မူဝါဒရေးရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများကြောင့် အကွဲအပြဲဇာတ်လမ်းများ ကြားလာခဲ့ရသည်။ ယခုနှစ် မေလက (ANP)ပါတီ၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံ၏ အဆုံးအဖြတ်အရ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးသာထွန်းလှကို ပါတီဥက္ကဋ္ဌအဖြစ် ဇွန် ၁ ရက်တွင် ရွေးချယ်လိုက်ကြသည်။ ဒေါက်တာအေးမောင်အလွန်၊ ANP အကွဲအပြဲအပြီး ဒုတိယမြောက် ဉက္ကဌ ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှုကာလကတည်းက နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်လာသည့် ဦးသာထွန်းလှသည် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ မပူးပေါင်းမီကပင် (RNDP) တွင် ပါဝင်ခဲ့သူဖြစ်သည်။

၂၀၁၈ နိုဝင်ဘာလမှစ၍ ပြင်းထန်လာသည့် ရခိုင်တိုက်ပွဲများနှင့်အတူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်မည့်အနေအထား၊ လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေ စသည့်တို့ကို Myanmar Now က ဦးသာထွန်းလှအား မေးမြန်းထားသည်။

မေး။ ။ ANP မှာ ဘယ်လိုဖြစ်ပြီး ဉက္ကဌဖြစ်လာတာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီမှာက ပါတီဖွဲ့စည်းပုံအရ ငါးနှစ်တစ်ကြိမ် ပါတီညီလာခံလုပ်ရတယ်။ ပါတီညီလာခံဆိုတာက ပါတီမှာ အဆင့်အမြင့်ဆုံး အဖွဲ့အစည်းပါပဲ။ ပါတီညီလာခံလုပ်ရင် ပါတီဖွဲ့စည်းပုံပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမယ်၊ ပြီးရင် ပါတီကို အဓိကဦးဆောင်မောင်းနှင်မယ့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေကို ပြန်လည်ရွေးချယ်ရမှာရှိတယ်။ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ်က ကျွန်တော့်ကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်တဲ့အတွက် ကျွန်တော် ဥက္ကဋ္ဌဖြစ်လာတာပါ။

မေး။ ။ ခေါင်းဆောင်အပြောင်းအလဲနဲ့အတူ ပါတီရဲ့ မူဝါဒပိုင်းကရော ဘာတွေပြောင်းလဲသွားပါသလဲ။

ဖြေ။ ။ အရင်က ပါတီမှာ မူဝါဒသုံးခု ချမှတ်ခဲ့တာရှိတယ်။ နံပါတ်တစ်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ နံပါတ်နှစ်က ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့အကျိုးစီးပွား ဖြစ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ နံပါတ်သုံးကတော့ ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်ဆိုပြီး သုံးခုရှိခဲ့တယ်။

အခုတော့ ပါတီညီလာခံမှာ အဲဒီမူဝါဒသုံးခုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန် မူဝါဒ လေးခုနဲ့ ထပ်ပြီးအင်အားဖြည့်လိုက်တယ်။ အခုက ပါတီမှာ နံပါတ်တစ်က ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအကျိုးစီးပွားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ နံပါတ်နှစ်က တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူအခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ နံပါတ်သုံးက ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် နံပါတ်လေးကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးကြိုးပမ်းဆောင်ရွက်ရန်ဆိုပြီး မူဝါဒလေးခု ချမှတ်ထားပါတယ်။

မေး။ ။ ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်ရဲ့ ပါတီကိုဦးဆောင်ခဲ့မှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မှတ်ချက်မပေးလိုပါဘူး။

မေး။ ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတော့ ရွေးကောက်ပွဲက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံတဲ့ပွဲမှာလည်း ကော်မရှင်က တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတာကြောင့် ရွေးကောက်ပွဲဖြစ်နိုင်အောင်လုပ်လို့ရတဲ့ အခြေအနေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်မှာ တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် ဘာပဲပြောပြော အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရှိခဲ့တဲ့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ရင်တော့ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ်လို့တော့ ယုံကြည်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အောင်မြင်မှု မရှိခဲ့ဘူး။ ဆိုတော့ လာမယ့်ရွေးကောက်ပွဲမှာ ဘာတွေပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ရခိုင်တောင်ပိုင်း၊ မြောက်ပိုင်းဆိုတာထက် ကျွန်တော်တို့ပါတီက ပြင်ဆင်ရင်တော့ အကုန်လုံးပြင်ဆင်ရတဲ့အတွက် အဲဒီလို အပိုင်းလိုက်ခွဲပြီးပြင်ဆင်စရာ သိပ်ထူးထူးခြားခြား မလိုဘူး။ တောင်ပိုင်းမြို့တွေမှာလည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာရှိတယ်။ အဲဒီတုန်းက တောင်ပိုင်းမှာရှုံးခဲ့တယ် ဆိုတာကလည်း မဲအပြတ်အသတ်နဲ့ရှုံးခဲ့တာ မဟုတ်ဘူး။ မဲထောင်ဂဏန်းလောက်အကွာနဲ့ ရှုံးခဲ့တဲ့အချိန်တွေရှိပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေပေါ် ကျွန်တော်တို့သုံးသပ်မယ်ဆိုရင် ဒီတစ်ကြိမ်ရွေးကောက်ပွဲဖြစ်လာမယ်ဆိုရင် ရခိုင်တောင်ပိုင်းမှာလည်း ပါတီအနေနဲ့ ပိုပြီးအားကောင်းပြီးတော့ အနိုင်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

မေး။ ။ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကာလ အမတ်လောင်းတွေ၊ နောက်ပြီး မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေရေး စိတ်ချရမှုရှိပါ့မလား။

ဖြေ။ ။ ရွေးကောက်ပွဲကာလကို အခုလက်ရှိတိုက်ပွဲဖြစ်တဲ့ခြေအနေနဲ့ ထပ်တူကျအောင် သွားစဉ်းစားလို့မရဘူး။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။ အဲဒီလိုအခင်းအကျင်းမျိုးဖြစ်လာခဲ့ရင် မဲဆန္ဒရှင်ပြည်သူတွေ လုံခြုံစွာနဲ့ မဲပေးနိုင်မှာပါ။

မေး။ ။ ရခိုင်မှာ တိုက်ပွဲတွေလည်းရှိနေတယ်ဆိုတော့ စစ်တပ်ဝန်းတွေအတွင်းမှာရှိနေတဲ့ တပ်တွင်းမဲရုံတွေ အပြင်ရောက်လာမယ်လို့ထင်လား။

ဖြေ။ ။ ခုနက ပြောသလိုပဲ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုပုံစံဖန်တီးနိုင်မလဲ ဘယ်လိုအဖြေရှာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တပ်တွင်းမဲရုံတွေကိစ္စကလည်း အဲဒီအပေါ်မှာပဲ မူတည်ပါတယ်။

မေး။ ။ ပြည်သူတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒုက္ခတွေကိုမေ့ထားပြီး ရွေးကောက်ပွဲလမ်းကြောင်းဘက်ကို စိတ်ဝင်စားလာမယ်လို့ထင်လား။

ဖြေ။ ။ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းတယ်ဆိုတာကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ ပြည်သူအရေအတွက် အလွန်တရာနည်းလာတာကို ကြည့်ရင်သိပါတယ်။ ဒါကြောင့် ပြည်သူတွေ နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးဖြစ်စဉ်ကို ပိုပြီးစိတ်ဝင်စားမှုရှိလာအောင် ကျွန်တော်တို့ကြိုးစားဖို့ လိုအပ်တယ်လို့ ယူဆတယ်။

မေး။ ။ ရခိုင်တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံး၊ ဒဏ်ရာရမှုမြင့်တက်လာတဲ့အပေါ် တပ်မတော်နဲ့ AA ကို ANP အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ လက်နက်ကိုင်နည်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုတာ အခုလွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇၀ ကျော်ခဲ့သွားပြီ အဲဒါလည်း လက်ရှိပကတိအခြေအနေပဲ။ အဖြေမရနိုင်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်နေလို့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပုံစံကို ကျွန်တော်တို့လိုချင်တဲ့ ပုံစံကိုတည်ဆောက်နိုင်ဖို့အခြေအနေ မရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့လိုပါတယ်။

မေး။ ။ ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတာ ဘယ်သူ့မှာတာဝန်ရှိတယ်လို့မြင်လဲ။

ဖြေ။ ။ အရင်တုန်းက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပြဿနာမရှိဘူး တည်ငြိမ်တယ် ဘာညာပြောကြတယ်။ လက်နက်ကိုင်မဋိပက္ခမရှိဘဲတည်ငြိမ်တယ်ဆိုရင် ရခိုင်ပြည်နယ်က ဘာကြောင့် အဆင်းရဲဆုံးပြည်နယ် အခြေအနေကိုရောက်သွားရတာလဲ။ ဘာကြောင့် လျှစ်လျူရှုခံရတာလဲ။ ဥပမာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် ရခိုင်ပြည်နယ်မှာ မဲအများဆုံးရတဲ့ ပါတီအဖြစ်နဲ့ ကျွန်တော်တို့အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကို စီမံခန့်ခွဲအုပ်ချုပ်ခွင့်အာဏာ ကျွန်တော်တို့မရခဲ့ဘူး။

လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စတွေကို မဖြေရှင်းခဲ့တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခက ရခိုင်မှာ တစ်ဖန်ပြန်ဖြစ်လာတာ။ အဓိကက ပြည်သူတွေကို ဆင်းရဲမှု၊ လူနေမှုဘဝတွေကို မြှင့်တင်မပေးနိုင်မှု၊ လျလျူရှုခံရမှုတွေကြောင့် နောက်ဆုံးမှာ လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်မှ ကိုယ့်ပြည်နယ်ကို စီမံအုပ်ချုပ်ခွင့်ရမယ်လို့ ယူဆတဲ့ သူတွေက ပြန်ပြီး တိုက်ခိုက်လာတဲ့သဘောရှိတယ်။

မေး။ ။ ရက္ခိုင့်တပ်တော် AA ရဲ့လက်နက်ကိုင်လမ်းစဉ်အပေါ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေမှာ လုပ်ပိုင်ခွင့်အာဏာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးနေတဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းအရ အဖြေမထွက်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးလုပ်ကိုင်ဆောင်ရွက်လာတဲ့ သဘောရှိတယ်။ ဒါကြောင့် ကိုယ်အားသန်ရာ လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးရရှိအောင် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ သဘောပေါက်ပါတယ်။

Show More

Related Articles

Back to top button