ဆောင်းပါး

ပြန်လည်ရင်ကြားစေ့လာသော ကချင်နှင့် ရှမ်းနီ

(မြစ်ကြီးနား၊ မိုးညှင်း) — ကချင်ပြည်နယ်ရှိ တောင်ကုန်းတောင်တန်းများ ဝန်းရံထားသည့် မိုးညှင်းမြို့လေးမှာ သြဂုတ်လကုန်ပိုင်း တဖြောက်ဖြောက် ရွာနေသော မိုးစက်များအောက်တွင် အေးချမ်း၊ တိတ်ဆိတ်နေသည်။

ဤမြို့လေးတွင် ဒေသခံတိုင်းရင်းသားများဖြစ်ကြသော ကချင်နှင့် ရှမ်းနီတို့၏ ပဋိပက္ခကို ကြုံတွေ့ခဲ့ရသူ တစ်ဦးမှာ အသက် ၅ဝ ကျော်အရွယ် ဦးသန်းမောင်ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စတင် ဖွဲ့စည်းသည့် ၁၉၆၁ နောက်ပိုင်း ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နားလည်မှု လွဲမှားခြင်းကြောင့် အရပ်သား အချင်းချင်းကြား ပဋိပက္ခဖြစ်ကြစဉ် သေဆုံးသွားသူများထဲတွင် ဦးသန်းမောင်၏ မိသားစုဝင်တစ်ဦး ပါဝင်သည်။

“အစ်ကိုအရင်း တစ်ယောက်လုံး ဆုံးရှုံးခဲ့ရပြီးပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး၊ မဖြစ်အောင်လည်း ဝိုင်းတားရမှာပဲ” ဟု တိုင်းလိုင် ခေါ် ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးသန်းမောင်က ကြေကွဲစွာ ပြောသည်။

ခေတ်အဆက်ဆက် ရင်းရင်းနှီးနှီး နေထိုင်လာခဲ့ကြသည့် ကချင် နှင့် တိုင်းလိုင်တို့ကြား မသင့်မမြတ် ဖြစ်ခဲ့ဖူးခြင်း၊ အရပ်သားတို့ကြား အချင်းများ ရန်ပွားမှုကို အားပေးနိုင်သည့် စစ်ရေးလှုပ်ရှားမှုတချို့ ရှိနေခြင်းမှာ ဤဒေသအတွက် သတင်းဆိုး ဖြစ်သည်။

သတင်းကောင်းမှာ အတိတ်ဖြစ်ရပ်ဆိုးကို သင်ခန်းစာယူပြီး အချင်းချင်း ငြိမ်းချမ်းစွာ ဆက်လက် ယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းကြိုးစားနေကြသည်ဟူသော အချက်ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့

ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းမျိုးနွယ်စု ငါးခုမှာ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီတို့ ဖြစ်ကြသည်။ တိုင်းလိုင်ကို ရှမ်းနီ၊ ရှမ်းကလေးဟုလည်း ခေါ်ဆိုကြပြီး ဗမာနှင့် အသွင် တူသောကြောင့် ရှမ်းဗမာဟုလည်း ခေါ်ဆိုကြောင်း သိရသည်။ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းစသည့် ဒေသများတွင် တိုင်းလိုင် ၅ သိန်းကျော်ခန့် ရှိနေနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ခန့်မှန်းထားသည်။

KIA ၏ လူသစ်စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းတို့ကို ဒေသတွင်း ကချင်လူမျိုးများနည်းတူ ရှမ်းနီတို့လည်းရင်ဆိုင်ကြရသည်။ နာတာရှည်ရောဂါတစ်ခု ခံစားရသကဲ့သို့ ဖြစ်လာသည့် ရှမ်းနီတို့က ပြည်သူ့စစ်ဖွဲ့ခြင်း၊ နိုင်ငံရေးပါတီထူထောင်ခြင်းဖြင့် အခွင့်အရေး ကာကွယ်ရန် ကြိုးပမ်းလာကြသည်။

မိုးညှင်းခရိုင် နမ့်မွန်းမြို့မှ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကြည်အောင်က ၎င်းတို့၏ အဖွဲ့သည် ရပ်ရွာနှင့် ပြည်သူကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ရန် ဦးတည်ချက် မရှိကြောင်း Myanmar Now ကို ရှင်းပြသည်။

ပြည်သူ့စစ် နှင့် ရှမ်းနီအများအပြားက KIA ၏ အခွန်ကောက်၊ လူသစ်စုဆောင်းခြင်းသည် ရှမ်းနီတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု ပြောသည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထိုဝေဖန်ချက်များကို ကာကွယ် ပြောဆိုသည်။

“ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ ကချင်ပြည်နယ်က တိုင်းရင်းသားအကုန်အလုံးအတွက်ပါ။ ကချင် တစ်မျိုးတည်းအတွက် မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်ဖွဲ့ရခြင်းကို လက်ခံသော်လည်း တိုင်းရင်းသားညီအစ်ကို အချင်းချင်း စည်းလုံးမှု မပျက်ရေးအတွက် ထိပ်တိုက်တွေ့ဆုံမှု ရှောင်ရှားသင့်သည်ဟု သူက ဆက်ပြောသည်။

KIA နှင့် တပ်မတော်သည် ၁၉၉၄ မှ ၂ဝ၁၁ အထိ အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ၁၇ နှစ်ကြာပြီးနောက် ပြန်လည် ပေါ်ထွက်လာသော တိုက်ခိုက်မှုများထဲတွင် ရှမ်းနီအများစုပါဝင်သည့် ဌာနေပြည်သူ့စစ်များနှင့် KIA တို့အကြား ဖြစ်ပွားသည့် ၁ဝ ကြိမ်ထက်မနည်းသော တိုက်ပွဲများလည်း ပါဝင်သည်။

ယမန်နှစ်က ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့်ရင်ဆိုင်ရသည့် တိုက်ပွဲတစ်ခုတွင်လည်း ပြည်သူ့စစ်များက တပ်မတော်ဘက်မှ ပါဝင်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ခန့်မှန်းသည်။

KIA ခေါင်းဆောင်ပိုင်းနှင့် ရှမ်းနီအရပ်ဘက်အဖွဲ့များ တွေ့ဆုံတိုင်း ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ ထိပ်တိုက် မတွေ့စေရေးကို အသားပေး ဆွေးနွေးပြောဆိုသည်ဟု သိရသည်။

အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီး ခုနစ်နှစ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၃,ဝဝဝ နီးပါးဖြစ်ပွားခဲ့သည်ဟု KIA က ယခုနှစ် နှစ်လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ဖားကန့်မြို့နယ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး နောက်ပိုင်း တိုက်ပွဲ သတင်း ငြိမ်သက်သွားသည်။ သို့သော်လည်း စစ်ရှောင်စခန်းများတွင်မူ အရပ်သား တစ်သိန်းဝန်းကျင် သောင်တင်နေကြဆဲဖြစ်သည်။

တင်းမာမှုကိုလျှော့ချလာ

ဌာနေတိုင်းရင်းသားတို့ မည်သို့ မည်ပုံ အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြကြောင်း ရှင်းပြနိုင်သူတစ်ဦးမှာ ယခင် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါ်ခင်ပြုံးရည် ဖြစ်သည်။ အမျိုးသမီးချင်း၊ အမျိုးသားချင်း ဆွေမျိုးမတော်၊ သိကျွမ်းခြင်းမရှိလျှင်လည်း ခေါ်ဝေါ်ကြပုံမှာ တခြားဒေသ အများစုနှင့် ကွဲပြားကြသည်။

“ခေါ်တာတောင်မှ တစ်ယောက်နဲ့တစ်ယောက် ‘ယောက်မ’ လို့ပဲ ခေါ်ကြတာ။ ကချင်တွေနဲ့ ရှမ်းတွေက အသီးအနှံတွေနဲ့ စားသောက်စရာတွေကို လဲလှယ်စားသောက်ပြီး အေးအေးချမ်းချမ်း နေခဲ့ကြတာ” ဟု တိုင်းလိုင်(ရှမ်းနီ) စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တာဝန် ယူထားသူ ဒေါ်ခင်ပြုံးရည်က ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိန်နန်ယော်ဆမ်က ဌာနေတိုင်းရင်းသား အချင်းချင်း ညီညွတ်စည်းလုံးမှု ဆက်လက် တည်တံ့သွားရန် ထိန်းသိမ်းသွားရန် အရေးကြီးသည်ဟု ယူဆသည်။

“အဓိကက ညီအစ်ကိုတွေအကြား ဆက်လက် စည်းလုံးသွားဖို့ပဲ” ဟု ဦးထိန်နန်ယော်ဆမ်က ပြောသည်။

ဌာနေတိုင်းရင်းသားအချင်းချင်း အကြားတင်းမာမှုလျော့ကျလာခြင်းမှာ နှစ်ဖက်လုံးက ထိန်းသိမ်းလာကြခြင်းကလည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

အမုန်းပွားမှု ဟန့်တားနိုင်ရန်အတွက် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားသွားရန် ဆုံးဖြတ်ထားသည်ဟု KIA ခေါင်းဆောင်တချို့က ပြောကြားထားသည်။

၂ဝ၁၆ ခုနှစ်က ရှမ်းအများစုပါဝင်သည့် ကိုယ်စားလှယ် ၇ ဦးသည် KIA ခေါင်းဆောင်တို့နှင့် တွေ့ဆုံကာ တိုင်းရင်းသားတို့ကြား ပဋိပက္ခ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ရှမ်းနီပြည်သူများကို တပ်သားသစ်စုဆောင်းထားခြင်းမှ ပြန်လွှတ်ပေးရန်၊ အနိုင်ကျင့်၊ နှိပ်စက်မှုများ မပြုလုပ်ရန် ဗိုလ်ချုပ်ဂွန်မော်က ကတိပေးခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ သီတလရံသီကျောင်းတိုက်မှ ဆရာတော် ဦးဝိဇယက မိန့်သည်။

ဆရာတော်နှင့် ဗိုလ်ချုပ်ဂွန်မော်သည် ငယ်စဉ်က တီးဝိုင်းတစ်ခုတည်းတွင် အတူ တီးခတ်ဖျော်ဖြေခဲ့ကြဖူးသည်အထိ ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ခြင်းမှာ KIA စစ်သားအဖြစ်စုဆောင်း ထားသည့် ရှမ်းတိုင်းရင်းသားများထဲမှ အယောက် ၅၀ နီးပါး ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းရာတွင် အထောက်အကူဖြစ်ခဲ့သည်။

“ရှမ်းတွေဘက်ကလည်း ခံစားခဲ့ရတာတော့ မှန်တယ်။ ဒါပေမဲ့ ခံစားသူအကြိုက် သွားနေရင်တော့ မငြိမ်းချမ်းနိုင်ဘူးလေ” ဟု ဆရာတော်က မိန့်သည်။

“ကချင်ဒုက္ခသည်စခန်းမှာရှိတဲ့ ကချင်ကလေး အများကြီးဟာ တစ်ချိန်ကျရင် ကချင်စစ်သားမဖြစ်ဘူးလို့ ပြောနိုင်သလား။ အဲဒီအချိန်မှာပဲ မွေးလာတဲ့ ရှမ်းကလေးတွေ အများကြီးကလည်း ကချင်မုန်းတီးရေးအား ပိုမကြီးလာနိုင်ဘူးလား၊ အဲဒါကို စဉ်းစားရမှာ။”

ဤသို့ဖြင့် ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေး လှုံ့ဆော်ကြရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးပါလာသည်။

အမုန်းတရား မပြန့်ပွားရေး

မိုးကောင်းမြို့တွင် All to One ဟု အမည်ပေးထားသည့် အမုန်းတရား မပြန့်ပွားရေး ကြိုးပမ်းနေသော အဖွဲ့တွင် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းများ၊ နိုင်ငံရေးသမားများ ပါဝင်သည်။

ဒေသခံတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုပ်ငန်း ပိုမိုအဆင်ပြေလာသည်ဟု အဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ရှမ်း၊ ကချင် ကပြား ဦးကျော်ထွေးမောင်က ပြောသည်။ ယခင်က တွေ့ဆုံရန် ခက်ခဲခြင်း၊ ဆွေးနွေးပွဲ စကားဝိုင်းတွင်ပင် ရန်ပွဲဖြစ်မတတ် အခြေအနေ ပေါ်ပေါက်လာခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မိုင်းကွဲမှုဖြစ်စဉ်တစ်ခုတွင် ရှမ်းတစ်ယောက် သေဆုံးသွားမှုကြောင့် ဖြစ်ပွားသော ပြဿနာ တစ်ခုကို သံဃာတော်တို့ကို ပင့်ဖိတ်ပြီး အရှိန်လျော့ကျရေး လုပ်ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။

“ကျွန်တော့်ရုုံးမှာပဲ ကချင်ဘက်ကရော ရှမ်းမိသားစုဘက်ကရော ခေါ်ပြီးတော့ စကားဝိုင်း လုပ်ရတယ်။ ကချင်တိုင်း KIA မဟုတ်ဘူး၊ ဒါတွေကို ကိုယ်က ရှင်းပြရတာပေါ့။ မရှင်းနိုင်ရင် လူမျိုးရေးပြဿနာ ဖြစ်တော့မှာ” ဟု ဦးကျော်ထွေးမောင်က ပြောသည်။

“ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ ပဋိပက္ခတွေထားခဲ့မှာလား။ ရှေရှည်မှာ ငြိ်မ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်အောင် နှစ်ဖက်အသိုင်းအဝိုင်းတွေ မကြိုးစားသင့်ဘူးလား” ဟု ၄င်းက မေးခွန်းထုတ်သည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း တွေ့ဆုံညှိနှိုင်း အဖြေရှာသည့် နည်းကိုသာ သုံးရန် တိုက်တွန်းသည်။

“ပြည်သူအချင်််းချင်းကြားမှာ သဟဇာတဖြစ်နေတာကို မြင်တွေ့နေရတာပဲ။ ဒါက ပြည်သူအချင်းချင်းကြားက ပြဿနာ မဟုတ်ဘူး။ လက်နက်ကိုင် အချင်းချင်းကြားက ပြဿနာပဲ” ဟု KIA ဌာနချုပ်မှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာတူးဂျာက ပြောသည်။

နှစ်ဖက်ကြား သွေးထိုးဖြိုခွဲမှု ရှိနေနိုင်သော်လည်း ညီညွတ်လျှင် အဆိုပါကြားဝင်နှောင့်ယှက်မှုများ ပပျောက်သွားမည်ဟု သူက ယူဆသည်။

သင်ခန်းစာ

နမ့်မွန်းပြည်သူ့စစ်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားသူ ဦးစိုးပိုင်က လူမျိုးရေး ပြဿနာ မကြီးထွားစေရေးကို ဆက်လက် ထိန်းချုပ်နိုင်မည်ဟု အကောင်းမြင်သည်။

သူ၏ ငယ်သူငယ်ချင်း ဦးဂျိုးဆက်ဇုန်းယော်ကလည်း စိတ်ဝမ်းကွဲမှုများကို နှစ်ဖက်လုံးက ထိန်းသိမ်းလာသည့်အတွက် ပိုမို တည်ငြိမ်လာသည်ဟု ပြောသည်။

“သူနဲ့ဆုံတိုင်း အဲဒီပြဿနာတွေ မပြောဖြစ်ကြဘူး။ သူလည်း မပြောဘူး၊ ကျွန်တော်လည်း မပြောဘူး။ နှစ်ယောက်လုံး ထိန်းကြတယ်” ဟု ဦးဂျိုးဆက်ဇုန်းယော်က ဆိုသည်။

နှစ်ဖက်အသိုင်းအဝိုင်း၏ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲသဘင်အခမ်းအနားတို့တွင် ပူးပေါင်းပါဝင်ကြရန်လည်း သူက တိုက်တွန်းသည်။

မိုးညှင်းမြို့မှ ဦးသန်းမောင်က အစ်ကိုဖြစ်သူကို စောစောစီးစီး ဆုံးရှုံးခဲ့ရသည့် အတွက်လည်း ယနေ့တိုင် ဝမ်းနည်းနေသူ ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်သည် အဖြေ မဟုတ်ကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ လျော့ကျသွားမှ ဒေသတွင်း ပိုမို တည်ငြိမ်မည်ဖြစ်ကြောင်း ယူဆနေသူတစ်ဦးလည်း ဖြစ်သည်။

“အတိတ်က ကိစ္စတွေကတော့ မေ့ပစ်ရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်အောင်တော့ သင်ခန်းစာ ယူရမယ်” ဟု ဦးသန်းမောင်က ပြောလိုက်သည်။ ။

Show More

Related Articles

Back to top button