သတင်း

ဦးစိုးထွန်းရှိန်အမှုတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၎င်း၏ရှေ့နေ ဆွဲသွင်း

မိုးထိမိုးမိ ရွှေတွင်းများဖြင့် နာမည်ကြီးသည့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သတ္တုတွင်းဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားခံရှေ့နေက တရားလိုကို စတင်မေးမြန်းနေသည်မှာ ရုံးချိန်း (၂) ကြိမ်မြောက် ရှိပြီဖြစ်သည်။

ရမည်းသင်းမြို့နယ်၊ အကျဉ်းထောင်တွင် အချုပ်ချထားသည့် ဦးစိုးထွန်းရှိန်ကို ယနေ့ ၁၁ နာရီကျော်ခန့်က စတင်ရုံးထုတ်ခဲ့ပြီး ၎င်း၏ရှေ့နေ ဦးလှိုင်ထွဏ်းက သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားလို အထွေထွေမန်နေဂျာ ဦးအေးဇော်ကို စတင်မေးမြန်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အခန်းကဏ္ဍ

“သတ္တုတွင်းဝန်ကြီးဌာနနှင့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို တင်ပြ ဖြေရှင်းရမည်ဟု ပါရှိသည်မှာ မှန်ပါသလား” ဟု ဦးစိုးထွန်းရှိန်၏ ရှေ့နေက မေးမြန်းခဲ့ပြီး တရားလို ဦးအေးဇော်က “မှန်ကန်ကြောင်း” ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ယခု သတ္တုတွင်းဉပဒေဖြင့် တရားစွဲဆိုမှုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို တင်ပြခြင်းမရှိဘဲ တိုက်ရိုက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည့်အတွက် စာချုပ်ပါစည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဟု တရားခံရှေ့နေက တရားခွင်တွင် ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပတ်သက်၍ တရားလိုဖြစ်သူ သတ္တုတွင်း၊ အထွေထွေမန်နေဂျာဦးအေးဇော်က “သူတို့ (တရားခံဘက်) ကတော့ ထည့်ပြောမှာပဲ၊ ရှေ့လျှောက် အများကြီးရှိပါသေးတယ်” ဟု တရားရုံးအပြီးတွင် Myanmar Now ကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့၏ စာချုပ်အရ “ကုမ္ပဏီက စည်းကမ်းချက် တစ်ချက်ချက်အား ဖောက်ဖျက်သည်ဟု ယူဆလျှင် ရက် ၉၀ ကြိုတင်၍ (ဝန်ကြီးဌာနက) အကြောင်းကြားရမည်ပါရှိသည်” ဟု တရားခံရှေ့နေ ဦးလှိုင်ထွဏ်းကဆိုပြီး ယခုတရားစွဲဆိုမှုသည် ရက် ၉၀ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရားလို ဦးအေးဇော်က သတ္တုတွင်းဉပဒေ ပုဒ်မ ၃၀ (က) နှင့် စွဲဆိုခြင်းအတွက် “ကျွန်တော် သက်သေနဲ့ တင်ပြပါမယ်” ဟုပြောသည်ကို တရားခံရှေ့နေက ကန့်ကွက်ခဲ့သည်။

လုပ်ငန်းဖောက်ဖျက်မှုကြောင့် စွဲဆိုခြင်းဟုဆို

ထို့နောက် တရားလို ဦးအေးဇော်က ‘(ယခု) တရားစွဲဆိုခြင်းသည် ကျွန်တော်တို့ဌာနက တိုက်ရိုက်စွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားတောင်းခံပြီးမှ တရားစွဲဆိုခြင်းဖြစ်သည်’ ဟု တုံ့ပြန်ခဲ့သည်။

ထို့ပြင် ‘ယခုအမှုသည် (ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ချုပ်ဆိုထားသည့်) စာချုပ်နှင့်နှင့် မသက်ဆိုင်ဘဲ လုပ်ငန်းဖောက်ဖျက်မှုကြောင့်သာ တရားစွဲဆိုခြင်းဖြစ်သည်ဟု’ ဆိုသည်။

တရားလို၏ ထွက်ဆိုချက်အရ ဦးစိုးထွန်းရှိန်အနေနှင့် ရွေစင် ၃၃၈ ပိဿာ ပေးသွင်းထားပြီးဖြစ်ကာ ရွှေစင် ၁၂၉၃ ပိဿာကျော် ပေးရန် ကျန်ရှိနေသည်။ တရားခံရှေ့နေ ဦးလှိုင်ထွဏ်းက ဆက်လက်၍ နိုင်ငံတော်ကို ဦးစိုးထွန်းရှိန်၏ ရွှေပေးသွင်းမှုကို သြစတေးလျ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပြသည်။

“ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် အစိုးရကို ၅ ရာခိုင်နှုန်းပဲ အများဆုံး ပေးသွင်းရပါတယ်၊ ဦးစိုးထွန်းရှိန်ရဲ့ ကုမ္ပဏီက ၉ ဒသမ ၀၂ ရာခိုင်နှုန်းကျော် ပေးထားတယ်၊ ဒါကြောင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ တခြားနိုင်ငံများထက် ရွေခွန်ပေးသွင်းထားပါတယ်” ဟုဆိုသည်။

တရားခံရှေ့နေ ဦးလှိုင်ထွဏ်းက “ဦးစိုးထွန်းရှိန် ပေးထားတဲ့ Instruction (ညွှန်ကြားချက်) တွေက အများကြီးပဲ၊ တော်တော်များတယ်” ဟု Myanmar Now ကို ပြန်လည်ဖြေကြားခဲ့သည်။

ဦးစိုးထွန်းရှိန်သည် တရားရုံးအတွင်း မေးမြန်းနေစဉ် ၎င်း၏ရှေ့နေဖြစ်သူကို ၆ ကြိမ်ခန့် ခေါင်းချင်းဆိုင် ခေါ်ယူပြောဆိုသည်ကို တွေ့ရပြီး၊ လက်ထဲတွင် စာရွက်နှင့် ဘောပင်ကိုင်ထားကာ ရေးမှတ်နေသည်ကိုလည်း မြင်တွေ့ရသည်။

Myanmar Now ၏ မေးမြန်းမှုကို ဦးစိုးထွန်းရှိန်က “စောင့်ကြည့်လိုက်ပါ” ဟု တရားရုံးအဝင်တွင် ပြောဆိုသွားခဲ့သည်။

Related Articles

Back to top button