အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရဟု NLDအတည်ပြု

ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် အတည်ပြုခဲ့သည်။

အာဏာရပါတီတွင်း သြဇာကြီးသည့် အသက် ၆၈ နှစ်အရွယ် NLD ဒုဥက္ကဋ္ဌသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်တွင်ကျင်းပသည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီး ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ရောဂါကို ထိန်းသိမ်းထားလို့ ရပါတယ်။ အထူးသဖြင့် အသက်ကြီးမှ ပေါ်လာတာဖြစ်တဲ့အတွက် ဒီ(သွေးကင်ဆာ) ရောဂါဟာ ပြင်းထန်ခြင်း မရှိပါဘူးဟု

ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ဌာနချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လတ်တလောတွင် ရောဂါအတိမ်အနက်ကို မသိရသေးကြောင်းနှင့် မန်းဝန်ကြီးချုပ်သည် ဆေးသွင်းထားသောကြောင့် ပင်ပန်း၍ အနားယူနေရပြီး ခေတ်သစ်ဆေးပညာအရ သွေးကင်ဆာသည် ကုသလို့ရသော ရောဂါတစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တာဝန်ထမ်းဆောင်နေသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း အာဏာလွှဲအပ်ခံရခြင်း မရှိသည့်အပြင် နိုင်ငံရေးပါဝင်လှုပ်ရှားမှုများကြောင့် စစ်အစိုးက ၁၉၉၀ပြည့်နှစ်မှ ၂၀၀၉ခုနှစ်ထိ ၁၉နှစ်ကြာ ထောင်သွင်းအကျဉ်းချခဲ့သည်။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button