သတင်း

ဒေါက်တာဇော်မြင့်မောင် နေအိမ်နှင့် မန်းတိုင်း NLD ရုံး ဖောက်ခွဲ ဖျက်ဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ အမရပူရမြို့နယ်ရှိ နေအိမ်၊ မန္တလေးမြို့တွင်းရှိ ပါတီရုံးတို့ ယခုရက်ပိုင်းအတွင်း ဖောက်ခွဲ၊ ဖျက်ဆီးခံရကြောင်း မြို့ခံများနှင့် ပါတီဝင်တချို့က ပြောကြသည်။

မေလ ၈ ရက်နေ့ ည ၁၀ နာရီခန့်က အမရပူရမြို့နယ်ရဲစခန်းအနီး၊ အိုးတော်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းမပေါ်ရှိ ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်နေအိမ်နှင့် နေအိမ်ဝင်းထဲရှိ ခယ်မဖြစ်သူ၏ နေအိမ်တို့ ဗုံးဖောက်ခွဲခံရသည်ဟု ထိုမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဗုံးကွဲသံ နှစ်ချက်ကြားရတယ်။ ညဘက် လမ်းပေါ် လူတွေမရှိတဲ့အချိန်မှာ ဖောက်ခွဲသွားတာ။ ဒရုန်းနဲ့ ပစ်ချတာလို့လည်း ကြားတယ်။ အိမ်က လူမနေဘဲ သူတို့ (စစ်ကောင်စီ) က ပိတ်ထားတဲ့အိမ်တွေပဲ။ ဆရာဇော့် ခယ်မအိမ်ရယ်၊ ဆရာဇော့်အိမ်ရယ် တစ်ဝင်းထဲမှာ ရှိတာ။ နှစ်အိမ်လုံး တိုက်ခိုက်ခံရတာ” ဟု အသက် ၄၀ အရွယ် အထက်ပါ အမျိုးသမီးက ဆိုသည်။

တိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး အနည်းငယ်ထိခိုက်သည်ဟု သိရပြီး နောက်တစ်နေ့ (မေ ၉) နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဗုံးရှာဖွေရေး လုပ်နေသည်ကို တွေ့မြင်ရကြောင်း၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိသည်ဟု သတင်းလွှင့်ကြောင်း ယင်းအမျိုးသမီးက ဆက်ပြောသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များကမူ ထိုဖောက်ခွဲမှုကို PDF များက လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ ထောက်ပံ့စရိတ် မရလျှင် အချင်းချင်းပင် ပြန်လည်၍ တိုက်ခိုက်ကြောင်း ဖော်ပြရေးသားနေကြသည်။

အမရပူရမြို့ခံများကမူ စစ်ကောင်စီကိုသာ သံသယရှိကြောင်း ပြောဆိုနေကြသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“သူတို့ ဖောက်ခွဲပြီး သူတို့က ဟန်ပြ ဗုံးရှာနေကြတယ်၊ စစ်ဆေးနေကြတယ်။ PDF က ဆက်ကြေးမရလို့ ဖောက်ခွဲတယ်ဆိုပြီး သတင်းတွေဖြန့်တယ်။ သူတို့လုပ်တာလို့ပဲ ထင်စရာရှိတယ်” ဟု သူက ပြောသည်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာ ခံစားနေရသူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် စစ်တပ် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံရပြီး ပုဒ်မအများအပြားဖြင့် အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသလို ၎င်း၏နေအိမ်ကိုလည်း စစ်ကောင်စီက ပိတ်ထားသည်။

စစ်ကောင်စီက ဖောက်ခွဲသည့်နည်းသုံးပြီး ပြည်သူကို ထပ်မံ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တိုင်း NLD ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။

“အတော်စိတ်ပျက်ဖို့ကောင်းပါတယ်။ လူကိုလည်း မတရားဖမ်းဆီးချုပ်နှောင်ထားပြီး အိမ်ကိုပါ ဒုက္ခပေးသလိုမျိုးနဲ့၊ ပတ်ဝန်းကျင်က ဆက်ဆံရမှာ ကြောက်သွားအောင် ခြောက်တာလို့ပဲ မြင်တယ်။ အင်မတန်အောက်တန်းကျတဲ့ စိတ်မျိုးနဲ့ ဒုက္ခပေးတယ်လို့ မြင်တယ်” ဟု သူက ပြောသည်။

အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင်၏ နေအိမ် ဖောက်ခွဲခံရပြီးနောက် မေ ၉ ရက် နံနက်အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ)

ပြီးခဲ့သည့် မေ ၅ ရက်၊ ည ၉ နာရီကျော်ကလည်း မန္တလေးမြို့၊ ၆၂ လမ်း (၃၃ နှင့် ၃၄ လမ်းကြား) ရှိ မန္တလေးတိုင်း NLD ပါတီရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးရုံးအဖွဲ့များက စက်ယန္တရားများဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ပြောကြသည်။

မန္တလေးမြို့မြေပြင်သတင်းများ ဖော်ပြနေသည့် သပြေညိုသတင်းလွှာတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးဥက္ကဋ္ဌ ချစ်ဝင်းဆိုသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ထိုနေရာအနီး ၃၂ လမ်းနှင့် ၃၅ လမ်းအထိ လမ်းများပိတ်ကာ ဖျက်ဆီးခဲ့ကြောင်း၊ သေနတ် မိုးပေါ် ပစ်ဖောက်သလို နေအိမ်များမှ ထွက်မကြည့်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ ဗီဒီယိုလာရိုက်သူတချို့ကိုလည်း စိန်ခေါ်ကာ လိုက်လံပစ်ခတ်ခဲ့ကြောင်း ရေးသားထားသည်။

အာဏာသိမ်းပြီးကတည်းက ချိပ်ပိတ်ခံရသော ထိုတိုင်း NLD ရုံးကို စစ်တပ်က အကြိမ်ကြိမ် လာရောက်ဖျက်ဆီးနေပြီး မေလ ၅ ရက်နေ့ ဖြစ်ရပ်မှာလည်း မှန်ကန်ကြောင်း အထက်ပါ ပါတီဝင်အမျိုးသားက ပြောသည်။

“ဒီရက်ပိုင်းမှာ ထပ်မံဝင်ရောက်ဖျက်ဆီးတာတွေ လုပ်တယ်။ ကြားထဲမှာလည်း ဗုံးခွဲခံရလို့ ရုံးက အတော်များများ ပျက်စီးနေတာပါ။ အခုက စိတ်ကူးပေါက်ရင် ပေါက်သလို ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးနေတယ်” ဟု ဆိုသည်။

“အရူးက စိတ်ဖောက်တဲ့အချိန် မြင်ရာ အကုန်ဖျက်ဆီးသလိုမျိုးလို့ပဲ မြင်တယ်”

မန္တလေးမြို့ခံ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ပါတီရုံးအဆောက်အအုံအတွင်းပိုင်းကို ဝင်ရောက် ဖျက်ဆီးထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မေလ ၆ ရက် နံနက်ပိုင်းက ပြောသည်။ 

“ကျွန်တော် သွားကြည့်တာတော့ ဟိုလိုကြီး အဆောက်အအုံတစ်ခုလုံးကြီး ဖြိုချပစ်တာမျိုး မဟုတ်ဘူး။ တံခါးတွေ၊ ပါတီဆိုင်းဘုတ်တွေ ဖျက်ချပစ်တယ်။ အတွင်းမှာလည်း အပျက်အစီး တော်တော်ကို များတယ်” ဟု သူက ပြောသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် NLD ခေါင်းဆောင်များနှင့် ပါတီဝင်အများအပြားကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ မြို့အသီးသီးရှိ NLD ပါတီရုံးများ ဖောက်ခွဲဖျက်ဆီးခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ပါတီထောက်ခံအားပေးသူများလည်း ဖမ်းဆီး သတ်ဖြတ်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button