သတင်း

မန္တလေးတိုင်း ဝန်ကြီးချုပ်၏ ထောင်ဝင်စာ ထက်ဝက်လျှော့ခံရ

မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်တွင်း အသွားအလာနှင့် ထောင်ဝင်စာကန့်သတ်မှုများ ပြုလုပ်ကာ လွတ်ရက်စေ့ပြီဖြစ်သည့် မြို့တော်ဝန် ဒေါက်တာရဲလွင်ကို အမှုထပ်ဖွင့်၍ စစ်ဆေးနေသည်ဟု စုံစမ်း သိရှိရသည်။

မန္တလေး အိုးဘိုထောင် တိုက် ၁ တွင် ရှိနေသည့် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် တချို့ကို စစ်ကောင်စီက ယခုလ (ဒီဇင်ဘာလဆန်း) မှစတင်၍ ထောင်အတွင်း သွားလာခွင့် ပိတ်ပင်ခြင်း၊ ထောင်ဝင်စာ ကန့်သတ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု ဆိုသည်။

“တိုက်ပိတ်တာတော့ မဟုတ်ဘူး။ အပြင်သွားလာခွင့် ပိတ်လိုက်တာ။ အရင်က အပြင်ထွက်ခွင့်ကို လွတ်လွတ်လပ်လပ် ပေးထားပြီး အခု ပိတ်ပစ်လိုက်လို့ ထောင်ပိုင်နဲ့ ပြဿနာတက်နေကြတာ” ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် ပထမသတင်းရင်းမြစ်က ပြောသည်။

“(ထောင်ဝင်စာကို) အရင်က တစ်ပတ်တစ်ခါ ပို့ခွင့်ပေးတယ်။ အခု နှစ်ပတ်တစ်ခါပဲ ပို့ခွင့်ရတော့တယ်။ အရင်က ပါဆယ်ကို နှစ်အိတ် ပို့လို့ရတယ်။ အခု တစ်အိတ်ပဲ ပို့လို့ရတော့တယ်။ ဆေးဝါးကတော့ လိုအပ်တဲ့ဆေးကို လိုအပ်တဲ့အချိန် ပို့လို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းသည့် နေ့ကတည်းက စစ်ကောင်စီက ဖမ်းထားပြီး အမှုပေါင်း ၁၀ မှုဖြင့် စွဲဆိုခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဋ္ဌ သွေးကင်ဆာဝေဒနာသည် အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက အမှု ၉ မှုအတွက် ထောင် ၂၆ နှစ် ချထားပြီးဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံရ၊ နှိပ်စက်ခံရသည့် ဖြစ်စဉ်များစွာရှိနေသည်။ ထို့အတူ အချိန်မီ ဆေးကုသခွင့်မရ၍ အသက်ဆုံးရှုံးရသူများလည်းရှိနေပြီး ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်း သေဆုံးခဲ့ရမှုမှာ ထင်ရှားသည်။

ထို့အတူ မြန်မာရှိ အကျဉ်းထောင်များမှာ မူလကပင် စားရေး၊ သောက်ရေး အခက်အခဲများစွာရှိနေရာ အကျဉ်းသားတို့မှာ ပြင်ပမှ ပေးပို့သည့် ထောင်ဝင်စာကိုသာ အားထားနေရသည့် အခြေအနေတွင်ရှိသည်။ ထောင်ဝင်ပို့ခွင့်ကို စစ်ကောင်စီက လိုသလို ပိတ်ပင်မှုများပြုလုပ်နေရာ ထိုဒဏ်ကို အကျဉ်းသားများ မကြာခဏ ခံနေရသည်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ ဖေဖော်ဝါရီအတွင်းက တွေ့ရသော ဒေါက်တာရဲလွင်။ (ဓာတ်ပုံ-Myanmar Now)

အိုးဘိုထောင်တွင် အလားတူ ဖမ်းခံထားရသည့် အသက် ၆၉ နှစ်အရွယ် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ကို မူလစွပ်စွဲခံထားရသည့် ဆူပူအောင်လှုံ့ဆောင်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ် လွတ်ရက်စေ့ချိန် နိုဝင်ဘာလတွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုဆိုင်ရာ ရာဇဝတ် ပုဒ်မ ၄၀၉ ဖြင့် အမှုသစ် ထပ်ဖွင့်သည်။

ဒေါက်တာရဲလွင်နှင့် ဦးကျော်ဇေယျကို စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်တွင် ထပ်မံ စွပ်စွဲခံထားသည့် ထိုပုဒ်မမှာ ထောင်တစ်သက်အထိ အမြင့်ဆုံးချနိုင်သည်။ ထိုအမှုကို ယမန်နေ့ (ဒီဇင်ဘာ၇) က ထောင်တွင်းအထူးတရားရုံး၌ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒါက ပုဒ်မ ၄၀၉ အတွက် ဒုတိယအကြိမ်ထုတ်တာပေါ့နော်။ ထူးထူးခြားခြားတော့ မရှိပါဘူး။ နှစ်ဦးစလုံး ကျန်းမာရေးကောင်းကြပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် ဒုတိယသတင်းရင်းမြစ်က ပြောသည်။ ဒေါက်တာရဲလွင်နှင့် ဦးကျော်ဇေယျတို့ကို စစ်ကောင်စီ စွပ်စွဲထားသည့် ပုဒ်မ ၄၀၉ အမှုကို ဒီဇင်ဘာ ၁၄ ရက်တွင် အိုးဘိုထောင်တွင်း အထူးတရားရုံး၌ ထပ်မံစစ်ဆေးမည်ဟု သိရသည်။

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှ နေပြည်တော် NLD ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူနှင့် အခြားနိုင်ငံရေးအကျဉ်းသားအချို့ မိုင် ၁၀၀ ကျော်အကွာရှိ မန္တလေးအိုးဘိုထောင်သို့ ရောက်လာအပြီးတွင် ထိုထောင်၌ မူလကတည်းက ရှိနေသည့် ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းထိန်တို့ကဲ့သို့  NLD ထိပ်ပိုင်းခေါင်းဆောင်များ၏ သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

လက်ရှိတွင် အိုးဘိုထောင်၌ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များ၊ NLD ထိပ်ပိုင်းခေါင်းဆောင်နှင့် ပါတီဝင်များ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်နှင့် မြို့ခံအများအပြားကို စစ်ကောင်စီက ထိန်းသိမ်းထားသည်။

အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။

ဒေါက်တာဇော်မြင့်မောင်ကို ယမန်နှစ်အတွင်း ရုံးထုတ်ခဲ့စဉ် အောင်မြေသာစံတရားရုံးရှေ့ ပြည်သူတချို့က လာရောက်ဝန်းရံသည်ကို ၂၀၂၁ မတ်လ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာရဲလွင်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အဂတိကင်းသည်ဟု မြို့နေလူထုက ယုံကြည်ခဲ့ကြကြောင်း၊ စစ်ကောင်စီ၏ အပြုအမူမှာ သူခိုးက လူဟစ်ခြင်းသာဖြစ်ကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ပြောထားသည်။

“လူထုအပေါ် ဓားပြတိုက်၊ လူသတ်၊ ထင်တိုင်းကြဲမိုက်ရိုင်းနေတဲ့ သူတို့ (စစ်တပ်) က ကျွန်တော်တို့ စိတ်တိုင်းကျ မဲပေးရွေးထားတဲ့ ဝန်ကြီးတွေကို ခုလို အမှုကြီးနဲ့ တရားစွဲတာက ရယ်စရာကြီးပေါ့နော်။ ပြောင်းပြန်ကြီးဖြစ်နေတယ်”

NLD အပြတ်အသတ်ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ စစ်ကောင်စီ ဖမ်းထားစဉ်အတွင်း သေဆုံးသူ ၆၇ ဦးရှိကြောင်း NLD က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့တွင် ခုခံမှုများ ဖြစ်ပေါ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button