
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါဆိုရှေ့ရွာတွင် တပ်မတော်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ ဒေသခံတောင်သူ ၁၉ ဦးကို တပ်မတော်အမြောက်တပ်ရင်းအမှတ် ၃၆၀ မှ တပ်မတော်အရာရှိ ၄ ဦးက တရားလိုပြုလုပ်၍ အကြိမ်ကြိမ် တရားစွဲဆိုထားသည်။
၎င်းတို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သော်လည်း တပ်မတော်မှ တရားလိုအရာရှိများက ပုဒ်မတူများကို သီးခြားစီခွဲကာ အကြိမ်ကြိမ် တရားစွဲဆိုထားခြင်းဖြစ်သည်။ ယင်းကြောင့် တောင်သူအချို့မှာ ပုဒ်မတူ တစ်ခုတည်းဖြင့်ပင် ၄ ကြိမ်ခန့်အထိ တရားစွဲဆို ခံထားရသည်။
မြေယာအငြင်းပွားမှုအပေါ် ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကြားကာလ ဖြစ်ရပ်များအပေါ်တွင် အကြိမ်ကြိမ် တရားစွဲဆိုထားခြင်းဖြစ်ပြီး တောင်သူ ဦးပါစကွာလယ်မှာ တရားစွဲဆိုမှု အကြိမ်တိုင်းတွင် ပါဝင်ခဲ့သည်။
ဒေါဆိုရှေ့ရွာတွင် အိမ်ခြေ ၂၇ လုံးရှိကာ လူဦးရေ ၁၁၂ ဦးခန့် နေထိုင်ကြောင်း၊ အိမ်ထောင်စု ၂၇ စုမှ ၁၉ ဦးကို တပ်မတော်က တရားစွဲထားခြင်းဖြစ်ကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ဆိုသည်။
တောင်သူများက ပုံမှန်ထွန်ယက်စိုက်ပျိုးနေသည်ကို တပ်ပိုင်မြေတွင် ဝင်ရောက်ထွန်ယက်သည်ဆိုကာ ထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်သော ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် စွဲဆိုထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“တောင်သူတွေက နှစ်ပေါင်း ၅၀ ထက်မနည်း စိုက်ပျိုးခဲ့တဲ့သူတွေလေ၊ စစ်တပ်ကတောင်သူတွေ တောင်ယာထဲကို သွားမယ့်လမ်းကို သွားပိတ်လိုက်တာ။ တောင်သူတွေက သူတို့တောင်ယာကို သွားတဲ့တစ်ခုတည်းသော လမ်းဖြစ်နေတော့ လမ်းကို မြေပြန်ဖို့တယ်။ ဒီမြောင်းက ပြည်သူ့ဘတ်ဂျက်နဲ့ ဖောက်ထားတယ်။ ဒါကြောင့်မို့ သူတို့(တပ်မတော်)က ပုဒ်မ ၆/၁ နဲ့စွဲတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါအငြင်းပွားနေသော မြေယာမှာ ဧက ၂၀၀ ခန့်ရှိပြီး ဇူလိုင် ၂၂ ရက်နေ့တွင် ပုဒ်မ ၄၄၇ ဖြင့် ၈ ဦး (အာမခံရ)၊ ဩဂုတ် ၂၆ ရက်တွင် ၆ ဦး (ထောင်အချုပ်ကျ)၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ၂ ဦး (အာမခံရ)နှင့် အောက်တိုဘာ ၂၁ ရက်နေ့တွင် ၃ ဦး (ထောင်အချုပ်ကျ) တို့ဖြင့် အသီးသီး ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ၉ ဦးမှာ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မြေယာအငြင်းပွားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် အသေးစိတ်မသိရသေးကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
“နောက်ဆုံးအခြေအနေကိုတော့ ကျွန်တော် မသိရပါဘူး။ ကျွန်တော်တို့ကတော့ ဥပဒေမဲ့ လက်လွတ်စပယ် ဘာမှ မလုပ်ပါဘူး၊ အကြောင်းရင်း ခိုင်ခိုင်မာမာရှိပါလိမ့်မယ်။ တရားရုံးက (အမှုဖွင့်ဖို့) လက်ခံတယ်ဆိုတာ သူ့ဥပဒေကြောင်းအရ လက်ခံလို့ရလို့ လက်ခံတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါဆိုရှေ့ရွာမှ တောင်သူ ၁၉ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။
ကယားပြည်နယ်တွင် ယခုနှစ်အတွင်း တပ်မတော်နှင့် တောင်သူမြေယာအငြင်းပွားမှု ၇ မှု ရှိခဲ့ပြီး ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ် တရားရုံးတို့တွင် တောင်သူ ၂၂ ဦးကို တရားစွဲဆိုထားသည်။