သတင်း

မလွတ်ဘဲကျန်သည့် မီးသတ်အရာရှိ ဖမ်းခံရပြီး မကြာခင် သေဆုံးဟု AA အတည်ပြု

လွန်ခဲ့သည့်တစ်လခန့်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည့်ရခိုင်ပြည်နယ် မီးသတ်ဒုဦးစီးမှူးမှာ သေဆုံးသွားပြီဖြစ်ကြောင်း AA က ယနေ့ (နိုဝင်ဘာ ၇ ရက်) အတည်ပြုသည်။

မီးသတ်အရာရှိ ဦးမြင့်ဇော်သည် ပြင်ဦးလွင်မြို့တွင် သင်တန်းတက်ပြီး အဝေးပြေးကားဖြင့် ပြန်လာစဉ် အခြားမီးသတ်သမား ၁၈ဦး၊ အရပ်သား ၁၂ ဦးတို့နှင့်အတူ အောက်တိုဘာ ၁၀ ရက်တွင် AA က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဇော်၏ အသက်အရွယ်ကို မသိရပါ။

စတင်ဖမ်းခံရသည့်နေ့တွင်ပင် သေဆုံးသွားခဲ့သည်ဟု AA ပြောခွင့်ရ ခိုင်သုခ က Myanmar Now ကို ယနေ့ ကြာသပတေးနေ့တွင် ပြောသည်။

“ကားပေါ်ကနေ ခေါ်လာတဲ့နေ့ကတည်းက သူက လမ်းလျှောက်နေရင်းနဲ့ နေပြီးတော့ ရေသောက်လိုက်တယ်လို့ ပြောတယ်။ အဲဒီမှာ ရှော့ (Shock) ဖြစ်ပြီး ခဏလေးအတွင်းမှာပဲ သေဆုံးသွားတာပဲ” ဟု AA ပြောခွင့်ရ ခိုင်သုခက Myanmar Now ကို ပြောသည်။

သို့သော် AA ဘက်က အဆိုပါသေဆုံးမှုကို မီးသတ်သမားများ ၎င်းတို့လက်ထဲရှိနေစဉ် လူသိရှင်ကြားထုတ်ပြောခဲ့ခြင်းမရှိဘဲ သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အခြားမီးသတ်သမား ၁၈ ဦးအား နိုဝင်ဘာ ၆ ရက်က ပြန်လွှတ်ပေးခဲ့ပြီး နောက်တစ်ရက်အကြာမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူ့လူတွေရဲ့လက်ပေါ်မှာပဲ ဆုံးသွားတာ။ ကျွန်တော်တို့ဘက်ကတော့ သူ့ကိုကယ်တင်ဖို့ ကျွန်တော်တို့ဆေးမှူးတွေလည်း အတတ်နိုင်ဆုံး ကြိုးစားလိုက်သေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူက အချိန်တိုတိုလေးအတွင်းမှာပဲ ဆုံးသွားတဲ့အတွက် ဘာမှလုပ်လို့ မရလိုက်ဘူး” ဟု ခိုင်သုခက ဆိုသည်။

မီးသတ်အရာရှိ သေဆုံးသည့်သတင်းကို မသိရသေးကြောင်းနှင့် ပြန်လည်လွတ်မြောက်လာသည့် မီးသတ်သမားများနှင့်လည်း အဆက်အသွယ်ရရန် ကြိုးစားနေကြောင်း ရခိုင်ပြည်နယ် ဒု-မီးသတ်ဦးစီးမှူး ဦးစံကျော်ထွန်းက ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်မဟုတ်သည့် အရပ်သား ၁၂ ဦးကို အောက်တိုဘာ ၂၈ ရက်က ပြန်လွှတ်ပေးခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် မီးသတ်သမားများကို ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ လက္ကာရွာအနီးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းAA က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထပ်မံဖြည့်စွက်ချက်

Myanmar Now ၏လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပေးသူတစ်ဦး၏မှတ်တမ်း ဓာတ်ပုံအရ ဦးမြင့်ဇော်မှာ သံတွဲမြို့နယ် မီးသတ်စခန်း၏ ဒုဦးစီးမှူးဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိကာ မီးသတ်ဝန်ထမ်း လုပ်သက် ငါးနှစ်ရှိသူဖြစ်သည်။ စစ်တွေတက္ကသိုလ်မှ သင်္ချာဘာသာဖြင့် သိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး စစ်တွေမြို့တွင် နေထိုင်သူဖြစ်သည်ဟု ၎င်း၏ကိုယ်ရေးမှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

မူလသတင်း၏ comment section တွင် လူမှုကွန်ရက်သုံးသူတစ်ဦး မျှဝေထားသည့် ဓာတ်ပုံ

 

Show More

Related Articles

Back to top button