ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာအနီးရှိ တပ်မတော်စခန်းကို မနေ့ညက ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တပ်များက အတည်ပြုပြောဆိုသည်။
ဥယျာဉ်သာရွာ၏ အရှေ့ဘက်ရှိတောင်ကုန်းတစ်ခုတွင် တပ်မတော်စစ်ကြောင်းက တပ်စွဲထားပြီး အဆိုပါစခန်းမှနေ၍ လက်နက်ကြီးများဖြင့် အနီးအနားရွာများသို့ ပစ်ခတ်နေသဖြင့် ဝင်ရောက်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
“ဥယျာဉ်သာရွာနားမှာ စစ်တပ်ရဲ့လက်နက်ကြီး စခန်းရှိပါတယ်။ ကျွန်တော်တို့ဘက်က သူတို့ကို သတိပေးပစ်ခတ်တဲ့ ပုံစံမျိုးနဲ့ မနေ့က ၂ နာရီ နီးပါးကြာအောင် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ည ၁၁ နာရီ ဝန်းကျင်ခန့်က ဥယျာဉ်သာကျေးရွာ အရှေ့ဘက်ရှိ စေတီဟောင်းတောင်ကုန်းသို့ AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောကြားသည်။
ယင်းတိုက်ပွဲကြောင့် AA ဘက်မှ အကျအဆုံးရှိကြောင်း တပ်မတော်ဘက်က ပြောဆိုသလို တပ်မတော်ဘက်က အကျအဆုံးရှိကြောင်း AA ဘက်က ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် ဥယျာဉ်သာကျေးရွာအနီးတွင် ကျေးရွာပေါင်း ၇ ရွာခန့်ရှိပြီး တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၂ လ ခန့်ကတည်းက ဒေသခံရွာသူရွာသားများက စစ်ရှောင်နေကြကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
“အဲဒီနားကရွာတွေက တပ်မတော်စစ်ကြောင်းကြီးပဲ ကြီးစိုးနေတာ။ ရွာသားတွေက အခြေအနေငြိမ်သွားရင် ပြန်သွားလိုက် ပြီးရင်ပြန်လာလိုက်။ ပြီးခဲ့တဲ့ လပိုင်းတွေက တိုက်ပွဲ ပိုစိပ်လာတော့ အဲဒီနားက ၆ ရွာ ၇ ရွာ လောက်က လူမရှိတော့ဘူး” ဟု ၄င်းက ပြောသည်။
ယခု ဖြစ်ပွားသည့် ဥယျာဉ်သာရွာအနီးတွင် စံဂိုးထောင်၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ ကံပြင် နှင့် စပါးထားရွာတို့ ရှိသည်။
ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း၄ ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။
စစ်တွေအခြေစိုက် ရခိုင်စစ်ဘေးရှောင်များအရေး ကူညီပေးနေသည့် ရခိုင်မျိုးနွယ်စုများအစည်းအရုံး(REC) ၏ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ဘူးသီးတောင်မြို့နယ်တွင် စစ်ရှောင်စခန်း ၆ ခုနှင့် စစ်ဘေးရှောင် ၂၅၀၀ ကျော် ရှိသည်။