သတင်း

တပ်မတော်က တရားစွဲထားသော ဦးနေမျိုးဇင်ကို ထောင်တစ်နှစ်ချ

တပ်မတော် အကျိုးပျက်စီးစေမှုဖြင့် တရားစွဲဆိုထားသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်သည် ဧပြီလ ၁ ရက်က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မြက်ခင်းပြင်၌ ပြုလုပ်သည့် ဟောပြောပွဲ၌ တပ်မတော် ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားအပေါ် ဝေဖန်ပြောဆို၍ဟုဆိုကာ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုတိယဗိုလ်မှူးကြီး တိုးလွင်က တပ်မတော် အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းပြောကြားချက်များတွင် ‘မိမိလုပ်နေသည့်အလုပ်၊ မိမိကိုယ်ကျင့်စာရိတ္တလောက် ဖြူစင်အောင် တည်ဆောက်နိုင်သည့် စစ်ဗိုလ်ချုပ် တစ်ယောက်မျှမရှိပါကြောင်း၊ မိမိလိုမျိုး နိုင်ငံတော်ဘဏ္ဍာ တစ်ပြားတစ်ချပ်၊ နိုင်ငံတော်မြေ တစ်လက်မတစ်ပေ၊ နိုင်ငံတော်ငွေ တစ်ထောင်တစ်သောင်း၊ နိုင်ငံသားများပိုင်ဆိုင်သည့် အခွင့်အရေးများထဲမှ တစ်စုံတစ်ရာ ဘာတစ်ခုမှ ယူမထားပါဘူးဟု ကြွေးကြော်နိုင်သည့် စစ်ဗိုလ်ချုပ်တစ်ဦးမှ မရှိကြောင်း’ လည်း ထည့်သွင်းဟောပြောခဲ့သည်။

ဦးနေမျိုးဇင်မှာ အချုပ်ဖြင့် ၅ လကျော်ကြာ တရားရင်ဆိုင်အပြီးတွင် ယခုကဲ့သို့ အမိန့်ချလိုက်ခြင်းဖြစ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။

သို့သော် ဦးနေမျိုးဇင်ကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ်တရားရုံးတို့တွင် တပ်မတော်အရာရှိများက ပုဒ်မ ၅၀၅ (က)ဖြင့်ပင် ထပ်မံ တရားစွဲဆိုမှု ရှိသေးရာ ၎င်းအနေဖြင့် အင်းစိန်ထောင်မှ နေ၍ ဆက်လက် တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။

၎င်းအား အမိန့်ချသည့် ပုဒ်မ ၅၀၅ (က)မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်၍ ရေးသားဖြန့်ချိမှု ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ပြီးခဲ့သည့် ဩဂုတ်လပိုင်းကလည်း မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (က)ဖြင့်ပင် အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။

Show More

Related Articles

Back to top button