ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ရွာအနီးတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား စက်တင်ဘာ ၁၆ ရက်မှစ၍ ၄ ရက်ကြာ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေကြသည်။
မင်းပြားမြို့မှ ၁၀မိုင်ခန့်အကွာ ပန်းမြောင်းတောင်ကြောပေါ်တွင် AA တပ်ဖွဲ့ဝင်များ အခြေချရန် ကြိုးစားနေသည့်အတွက် နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
AA အဖွဲ့၏ ပြောခွင့်ရအရာရှိ ခိုင်သုခက ယင်းနေရာတွင် AA တပ်စခန်းများ ရှိနေကြောင်း အတည်ပြုပြီး တပ်ဘက်က ထိုးစစ်ဆင်နေပါက တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နိုင်သည်ဟု ဆိုသည်။
ယနေ့နေ့လယ် ၁ နာရီခန့်အထိ ပန်းမြောင်းတောင်ကြောပေါ်မှ လက်နက်ကြီးလက်နက်ငယ်အသံများကို ကြားနေရဆဲဖြစ်ကြောင်း ပန်းမြောင်းဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်ခဲ့ပြီး ရဟတ်ယာဉ်များ အသုံးပြုသည်ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။
မင်းပြားမြို့၏မြောက်ဘက် ၁၀မိုင်ခန့်အကွာတွင် ရှိသည့် ပန်းမြောင်းတိုက်နယ်ရွာမှာ အိမ်ခြေ ၂၀၀၀ ကျော် ရှိပြီး တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း ငါးကျောင်းရှိသည်။
ဩဂုတ်လ ၂၄ ရက်နေ့က ပန်းမြောင်ရွာအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများနှင့် တိုက်နယ်ဆေးရုံမှာ ပိတ်ထားရပြီး အထက်တန်းကျောင်းတစ်ခုသာ ဖွင့်လှစ်နိုင်သည်ဟု ပန်းမြောင်ဒေသခံ ဦးကျော်ဇံက ဆိုသည်။ ယင်းနေ့တိုက်ပွဲတွင် ရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ဆယ်တန်းကျောင်းသူတစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့သည်။
“ အနီးအနားက ရွာတွေကအစ ဒီရွာမှာ လာတက်နေရတာ၊ အခုမတက်နိုင်တာ တစ်လလောက်ရှိပြီဆိုတော့ ကလေးတွေရဲ့ပညာရေးအတွက် တာဝန်ရှိသူတွေက ကူညီပေးနိုင်ရင် ကောင်းမှာပေါ့ဗျာ ” ဟု ပန်းမြောင်ဒေသခံ ဦးကျော်ဇံက ပြောသည်။
စက်တင်ဘာ ၁၆ ရက်နေ့တွင် အဆိုပါရွာအနီး တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာသည့်နောက် စစ်ရှောင်အရေအတွက် ထပ်မံတိုးမြင့်လာသည်ဟု ပန်းမြောင်းရွာအနီးတွင် ရှိသည့် ရွှေဖောင်တင်စစ်ရှောင်စခန်း တာဝန်ခံ ဦးမျိုးခိုင်က ပြောသည်။
“ သူတို့ကတော့ လက်နက်ကြီးလက်နက်ငယ်အသံတွေ မကြားရတော့ဘူးဆိုမှ အိမ်ပြန်ရဲကြမှာ၊ စခန်းမှာလည်း ရိက္ခာက နည်းနေပြီ။ အကူအညီတွေက အခုအထိ ထပ်မရသေးဘူး ” ဟု ဦးမျိုးခိုင်က ဆိုသည်။
စစ်ရှောင်စုစုပေါင်း ၅၀၀ ဝန်းကျင်ခန့် ရှိနေသည့် အဆိုပါစခန်းတွင် ဆန်တစ်မျိုးတည်းသာ ထောက်ပံ့နိုင်ပြီး နောက်ထပ် ရက်အနည်းငယ်အတွက်သာ ရိက္ခာရှိတော့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA စသည့် မြောက်ပိုင်းလက်နက်ကိုင်များနှင့် အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် လေးကြိမ်ထက်မနည်း တွေ့ဆုံခဲ့သော်လည်း အပြီးသတ် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု မရသေးပေ။