သတင်း

ခရစ်ယာန်များ ဖိနှိပ်ခံနေရကြောင်း အမေရိကန်သမ္မတအား ပြောဆိုခဲ့သူကို တပ်အရာရှိ အမှုဖွင့်

မြန်မာနိုင်ငံရှိ ခရစ်ယာန်များအား မြန်မာစစ်အစိုးရက ညှဉ်းပန်းနှိပ်စက်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ထုတ်ဖော်ပြောဆိုခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌကို အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ယမန်နေ့က ဦးတိုက်လျှောက်ထား တရားစွဲလိုက်သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံပေါင်း ၁၇နိုင်ငံမှ ကိုယ်တိုင်ဘာသာရေးဖိနှိပ်ခံရမှု ကြုံတွေ့ခံစားရသူပေါင်း ၂၇ ဦး နှင့်အတူ သမ္မတထရမ့် နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကန်သမ္မတနှင့် စက္ကန့် ၄၀ ကြာ ပြောခွင့်ရခဲ့သည့် ရုပ်သံဖိုင်တွင် KBC ဥက္ကဋ္ဌက “မြန်မာနိုင်ငံမှ ခရစ်ယာန်များအား မြန်မာစစ်အစိုးရက ညှဉ်းပန်းနှိပ်စက်နေကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်အတွက် ရုန်းကန်နေရကြောင်း၊ ဗဟိုအစိုးရအားတော်လှန်ပုန်ကန်နေပုံနှင့် မြန်မာပြည်မှ တိုင်းရင်းသားများ၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေးကို အမေရိကန်အစိုးရအနေဖြင့် အာရုံစိုက်ပေးရန်” တောင်းဆိုခဲ့သည်။

ယင်းအပြင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်များအား ဇူလိုင်လအတွင်းက အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ခြင်းနှင့် ၎င်းတို့အား ပိတ်ဆို့အရေးယူမှုများကို ကျေးဇူးတင်ကြောင်း ဒေါက်တာခလန်ဆမ်ဆွန်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါပြောဆိုချက်ကို အသိအမှတ်ပြုကြောင်း သမ္မတထရမ့်က တုံ့ပြန်ခဲ့သည်။

ယင်းတင်ပြဆွေးနွေးမှုများနှင့်ပတ်သက်၍ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ရာဇဝတ်ကျင့်ထုံး ဥပ‌ဒေ ပုဒ်မ ၂၀၀ ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။


Facebook မှတဆင့် Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် တရားရုံးမှတ်တမ်းတွင် ထရမ့်အား ဒေါက်တာခလန်ဆမ်ဆွန်၏ပြောကြားချက်ကို “World News Now” Facebook Page တွင် ဖော်ပြထားသည်ကို တွေ့သဖြင့် အရေးယူပေးရန် တပ်မတော်အရာရှိက တိုင်ကြားသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးထွန်းနေလင်းတို့အား Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြတ်မိုးကို ဆက်သွယ်မေးမြန်းရာတွင် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားခြင်းကြောင့် ၎င်းအနေဖြင့် မသိရှိကြောင်းပြောသည်။

စက်တင်ဘာလ ၉ရက်နေ့တွင် အမှုနှင့်ပတ်သက်ပြီး စစ်ဆေးချက်အပေါ် တစ်စုံတစ်ရာ အမိန့်မှတ်ရန် တရားရုံးက ချိန်းဆိုထားသည်။

လက်ရှိတွင် ဒေါက်တာခလန်ဆမ်ဆွန်သည် ခရီးလွန်နေကြောင်း၊ တပ်မတော်၏ တရားစွဲဆိုမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အကြောင်းကြားလာခြင်း မရှိသေးကြောင်း KBC လူမှုဝန်ထမ်းဖွံ့ဖြိုးရေးတာဝန်ခံ ဦးခါလီက ပြောသည်။

Show More

Related Articles

Back to top button