အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဘေးသင့် ပြည်သူများအတွက် လွှတ်တော်ကိုယ်စားလှယ်များက ကျပ် ၂၂၅ သိန်းလှူဒါန်းမည်

မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် ရေဘေးဒဏ် ခံစားနေရသော ဒေသခံများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက တစ်နေ့စာ နေ့တွက်စရိတ်ကို လှူဒါန်းရန် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ယနေ့ အတည်ပြုလိုက်သည်။

သဘာဝဘေးဒဏ်သင့်ဒေသရှိ ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကျပ် ၆၃ သိန်းကျော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျပ် ၈၆ သိန်းကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ကျပ် ၄၅ သိန်းခန့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သိန်း ၃၀ ကျော် စုစုပေါင်း ကျပ် ၂၂၅ သိန်း ကူညီလှူဒါန်းမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် တိုင်းရင်းသားဒေသခံ ညီ၊အစ်ကို၊မောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နှင့် လွှတ်တော်အမတ်များက စာနာထောက်ထား ကြေကွဲဝမ်းနည်းကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာလှမိုးက မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ရုတ်တရက် မြစ်ရေကြီးခြင်း၊ တောင်ကျရေများစီးဆင်းခြင်း၊ တောင်ပြိုခြင်းစသည့် သဘာဝဘေးဒဏ်များကို ခံစားနေရပြီး အထူးသဖြင့် မွန်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၈ မြို့နယ်၊ ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်၊ ကျေးရွာပေါင်း၁၄ ရွာတို့ ရှိ အိမ်ထောင်စုပေါင်း ၅၉၉၇ စုနှင့် လူဦးရေ ၂၅၂၁၁ ဦးက သဘာဝဘေးအန္တရာယ်ကို ခံစားနေရကြောင်း ပြောဆိုသည်။

ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့ခြင်းနဲ့ သဘာဝအရင်းအမြစ်များကို မိမိတို့ အကျိုးစီးပွားတစ်ခုတည်းအတွက် စည်းမဲ့ကမ်းမဲ့ ထုတ်ယူသုံးစွဲခဲ့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်အတူ နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားလာရတာကို အားလုံး သိမြင်ရခြင်းဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

ထို့နောက် သဘာဝဘေးဒဏ်သင့် ဒေသများရှိ တိုင်းရင်းသားညီအစ်ကိုများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးရှုံးဆုံးခဲ့ရခြင်းအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစည်းအဝေးခန်းမအတွင်းရှိသူများက တစ်မိနစ် မေတ္တာပို့ ငြိမ်သက် ဆုတောင်းခဲ့ကြသည်။

တစ်မိနစ် ငြိမ်သက်ဆုတောင်းအပြီးတွင် တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ရေဘေးသင့်ပြည်သူ ၁၃၆၉ ဦးမှာ ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ရဆဲဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးဒဏ် ခံစားနေရသည့် ဒေသများတွင် တနင်္သာရီတိုင်းကိုလည်း အဆိုတွင် ထည့်သွင်းပေးပါရန် တောင်းဆိုခဲ့ပြီး လွှတ်တော်နာယကက ထည့်သွင်းပေးရန် သဘောတူညီခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button