သတင်း

ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းပြီးနောက် ဖုယွင်အလုပ်သမားပြဿနာ ပြေလည်ဖွယ်ရှိ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းခဲ့ပြီးနောက် နှစ်လနီးပါးကြာ မပြေမလည်ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာသည် ပြေလည်သွားဖွယ် ရှိနေသည်။

ဆန္ဒပြအလုပ်သမားများကို အလုပ်ပြန်ခန့်ရန် အလုပ်ရှင်ဘက်က နှုတ်ဖြင့် ကတိကဝတ်ပေးခဲ့ပြီးနောက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုစာချုပ်ကို မနက်ဖြန်တွင် ချုပ်ဆိုကြမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် စာချုပ်ချုပ်ဆိုပြီးပါက သပိတ်မှောက်အလုပ်သမားများက ၄င်းတို့ဖွင့်ထားသည့် စက်ရုံဝင်/ထွက်ပေါက်ရှိ သပိတ်စခန်းများကို ပိတ်သိမ်းပေးရမည်ဖြစ်သည်။

သပိတ်မှောက်အလုပ်သမားခေါင်းဆောင် မသက်ထားဆွေက အချိန်ပိုကြေးပြဿနာအပါအဝင် အလုပ်သမားများတောင်းဆိုချက် ၉ ချက်ထဲမှ ၆ ချက်ကို သဘောတူညီချက်ရခဲ့သည်ဟု ပြောသည်။

စက်ရုံဘက်က ဆန္ဒပြအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း စည်းကမ်းလိုက်နာရန်နှင့် လုပ်ငန်းနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို လိုက်နာပေးရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်များကိုလည်း သပိတ်မှောက်အလုပ်သမားများက သဘောတူညီကြသည်။

ဝန်ကြီးချုပ်ကြားဝင်ရန် အလုပ်သမားများတောင်းဆိုခဲ့

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများသည် မြို့လယ်မှ ပြည်လမ်းတလျှောက် လမ်းလျှောက်ပြီး တိုင်းအစိုးရရုံးသို့ သွားရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်လက အလုပ်သမားသမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံခဲ့ရသည်ကို မကျေမလည်ဖြစ်ခဲ့ကြပြီးနောက် အလုပ်သမားသပိတ် စတင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများက ၄င်းတို့ကို အလုပ်ပြန်ခန့်ရန် တောင်းဆိုနေကြပြီး စက်ရုံဘက်ကမူ ၄င်းတို့သည် စက်ရုံစည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး သတိပေးစာထုတ်ရာတွင်လည်း လက်မှတ်ရေးထိုးရသည့် စည်းကမ်းချက်ကို မလိုက်နာကြသည့်သူများဖြစ်သောကြောင့် အလုပ်ပြန်ခန့်ရန် လုံးဝမဖြစ်နိုင်ဟု တုံ့ပြန်ထားသည်။

စက်ရုံဝင်ထွက်ပေါက်များရှေ့ ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများအား အမည်မသိလူအုပ်စုက အောက်တိုဘာ ၁၅တွင် ဝင်ရောက်ရိုက်နှက်ခဲ့ပြီးနောက် နှစ်ဖက်အကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့သည်။

အစောပိုင်းက အလုပ်သမားများ နှင့် ရန်ကုန်တိုင်းအစိုးရ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရဘဲ ဖြစ်ခဲ့သည်။

ည ၉နာရီခန့်တွင် ဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးကြရန် သဘောတူခဲ့ပြီးနောက် လူစုခွဲခဲ့ကြသည်။

အောက်တိုဘာ ၃၀ ဆွေးနွေးမှု

ကြိုတင်ချိန်းဆိုထားသည့်အတိုင်း ယနေ့ နေ့လယ်တွင် သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ပြီးနောက် အလုပ်သမားများအား အလုပ်ပြန်ခန့်ရန် သဘောတူညီမှုရခဲ့သည်။

သို့သော် လုပ်ငန်းရှင်ဘက်မှ ထုတ်ပယ်ထားသော အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်မည်ဆိုပါက အဆိုပါအလုပ်သမားများ အလုပ်ပြန်ဝင်မည်ကို ကန့်ကွက်သည့် အလုပ်သမားများ စက်ရုံတွင်း ရှိနေသဖြင့် နောက်တစ်ကြိမ် ပဋိပက္ခဖြစ်မလာရန် ကြားဝင်ညှိနှိုင်းပေးရန် ဝန်ကြီးချုပ်ကို ထပ်မံကမ်းလှမ်းခဲ့သည်။

ဦးဖြိုးမင်းသိန်းသည် ယနေ့ ညနေပိုင်းတွင် စက်ရုံသို့ သွားရောက်ပြီး အလုပ်သမားများနှင့် ဆွေးနွေးခဲ့ကြရာ ကနဦးတွင် သဘောတူညီမှုရခဲ့သော်လည်း နောက်ပိုင်းတွင် ဆန္ဒပြအလုပ်သမားများအား အလုပ်ပြန်ခန့်ရန် ကန့်ကွက်သည့် အလုပ်သမားအချို့နှင့် အချေအတင်ဆွေးနွေးခဲ့ရသည်။

တချို့သော အလုပ်ဆင်းနေကြသည့် အလုပ်သမားများက သပိတ်မှောက်အလုပ်သမားများကို ပြန်ခန့်ထားရေးအတွက် ဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ အလုပ်သမားများကို ယခုသပိတ်မှောက်နေသည့်ကိစ္စ ပြေလည်စေရန် မိမိတို့အစိုးရအဖွဲ့မှ အပင်ပန်းခံကာ ညှိနှိုင်းပေးနေခြင်းဖြစ်ကြောင်း၊ မပြေလည်ပါက ဥပဒေအရ စက်ရုံပိတ်သိမ်းသည့် အနေအထားမျိုး ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ်ကလည်း တုံ့ပြန်ခဲ့သည်။

နှစ်ဖက်အကြား နာရီနှင့်ချီ ညှိနှိုင်းခဲ့ပြီး နောက်ဆုံးအနေဖြင့် မနက်ဖြန်တွင် အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ကြမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သပိတ်စခန်းများ ပိတ်သိမ်းပေးရမည်ဟု အပြီးသတ် သဘောတူညီမှုရခဲ့သည်။

Show More

Related Articles

Back to top button