သတင်း

တိုက်ပွဲကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၃၀ နီးပါး သွားလာခွင့် ပိတ်ပင်ခံထားရ

ရခိုင်ပြည်နယ် မင်းပြားမြို့အရှေ့ဘက် လေးမြို့မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာ ၃၀ ခန့်ကို ဩဂုတ် ရက်နေ့မှစ၍ မင်းပြားမြို့သို့ သွားလာခွင့်ပိတ်ထားသည့်အတွက် ကျေးရွာအချို့ စားဝတ်နေရေး ခက်ခဲနေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ယနေ့(ဩဂုတ် ရက်) ပြောသည်။

ဩဂုတ် ရက်နေ့က မင်းပြားမြို့နယ် ကုလားမတောင်ရွာ၏ အရှေ့ဘက် တောင်တန်းများအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မင်းပြားမြို့အရှေ့ဘက် လေးမြို့မြစ်တစ်ဖက်ကမ်းကို တိုက်ပွဲဧရိယာအဖြစ် တပ်မတော်က သတ်မှတ်ထားသည်။

သွားလာခွင့် ပိတ်ပင်ထားသည့် ကျေးရွာများသို့ အကူအညီပေးနိုင်ရန် သွားရောက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများက အသက်အန္တရာယ်လုံခြုံရေးအကြောင်းပြကာ သွားခွင့်မပြုခဲ့ကြောင်း မင်းပြားအမတ် ဦးလှသိန်းအောင်က ပြောသည်။

ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျေးရွာတွေမှာ ဘယ်လိုခံစားနေရသလဲဆိုတာ သွားကြည့်ဖို့ကို သွားခွင့်မပေးဘူးဟု သူက ပြောသည်။

အဆိုပါ ကျေးရွာများနှင့် မင်းပြားမြို့အကြား ချိတ်ဆက်ထားသည့် ကားလမ်းအပြင် ရေလမ်းခရီးအဖြစ် ဒေသခံများ အဓိကအသုံးပြုသည့် ဖုံသာချောင်းကိုလည်း တပ်မတော်က လက်ခုပ်ကျေးရွာအနီးမှ ပိတ်ထားလိုက်သည်ဟု ဒေသခံများက ပြောသည်။

လတ်တလော စားရေးသောက်ရေး အဆင်ပြေနေသော်လည်း အဓိကစားသောက်ကုန်များကို မင်းပြားမြို့တွင် သွားရောက်ဝယ်ယူနေရသည့်အတွက် ပိတ်ဆို့ထားသည့်ရက် ကြာလာပါက အခက်အခဲဖြစ်နိုင်ကြောင်း ငန်းတက်ကျေးရွာတာဝန်ခံ ဦးကျော်ဝင်းမောင်က ပြောသည်။

ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ နောက်သုံးလေးရက်လောက်ဆိုရင် ကျွန်တော်တို့မှာ စားစရာ သိပ်ကျန်တော့မှာမဟုတ်ဘူးဟု ဦးကျော်ဝင်းမောင်က ပြောသည်။

ငန်းတက်ကျေးရွာအုပ်စုတွင် ညောင်ခြုံ၊ သိန်းချောင်း၊ အိုးပုံတောင်နှင့် ငန်းတက်စသည့် ရွာလေးရွာ ပါဝင်သည်။ ငန်းတက်ရွာတွင် အိမ်ခြေ ၁၅၄ အိမ်နှင့် လူဦးရေ ၈၀၀ ကျော်ရှိပြီး စစ်ရှောင်လာသည့် သလူချောင်းရွာနှင့် ငတက်ရွာများမှ လူဦးရေ ၇၀ ကျော်အတွက်လည်း စားသောက်ရေး တာဝန်ယူထားရကြောင်း ၎င်းက ပြောသည်။

စာသင်ကျောင်းအချို့ ပိတ်ထားရပြီး မိုင်းပေါက်ကွဲသံများနှင့် လက်နက်ကြီးပစ်ခတ်သံများကိုလည်း မကြာခ ကြားနေရကြောင်း ကျော်မှော်ကျေးရွာသား ကျောင်းဆရာ ကိုစိန်းကျော်ဝမ်းက ပြောသည်။

ကျော်မှော်ရွာတွင် တပ်မတော်စစ်ကြောင်းများမရှိသော်လည်း လက်ခုပ်၊ ခွစုံ၊ ငတက်နှင့် ကိုင်းကြီးတို့တွင် တပ်မတော်စစ်ကြောင်းများရှိနေပြီး ယနေ့မနက်တွင်လည်း လက်နက်ကြီးအသံ ကြားရသည့်အတွက် ရွာသားများ ထိတ်လန့်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဧရိယာအဖြစ် သတ်မှတ်ထားသည့်အတွက် ဒေသခံများ၏အသက်အန္တရာယ်ကြောင့် လမ်းကြောင်းပိတ်ကာ စစ်ဆေးနေရခြင်းဖြစ်ပြီး လုံးဝ ပိတ်ဆို့ထားခြင်း မဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Nowကို ပြောသည်။

တိုက်ပွဲဖြစ်နေတဲ့အချိန် သွားသွားလာလာရှိလို့ ကျည်သွားလမ်းကြောင်းနဲ့ မလွတ်ဘူးဆိုရင် မှန်ကုန်မှာစိုးလို့ ထိခိုက်ကုန်မှာစိုးလို့ သံယောဇဉ်တရားလေးနဲ့ ကျွန်တော်တို့က ပြောတာဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာနှင့် သလူးချောင်းကျေးရွာမှ ရွာသားအားလုံးနီးပါးမှာ အနီးအနားကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေရသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် စစ်ရှောင်သူအရေအတွက်မှာလည်း ဆက်လက်မြင့်တက်နေပြီး စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဇူလိုင် ၃၀ ရက်နေ့အထိ အချက်အလက်များအရ စစ်ရှောင်အရေအတွက် ၅၅၀၀၀ကျော် ရှိသည်။

Show More

Related Articles

Back to top button