ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဝင်းအတွင်း ဒေသခံအချို့ မေလက ဝင်ရောက် ဖျက်ဆီးမှုတစ်ခုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားသော ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ကလေးသူငယ် တရားရုံးတွင်သာ စစ်ဆေးပြီး၊ လူငယ်ထိန်းသိမ်းရေးကျောင်းတွင်သာ ထိန်းသိမ်းထားရန် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းကမှ လွှတ်တော်ကအတည်ပြုလိုက်သည့်ကလေးသူငယ် ဥပဒေအရ အသက် ၁၆ နှစ် ပြည့်ပြီး ၁၈ နှစ်အောက်သာရှိသူကို ကလေးသူငယ်အဖြစ်သာ သတ်မှတ်ရမည်ဟုပါရှိခြင်းကြောင့် ယနေ့တွင် အသက် ၁၇ နှစ် ၉ လ ၁၁ ရက် သာ ရှိသေးသော မောင်တူးဝေယံကို ကလေးသူငယ်အမှုအနေဖြင့်သာ ဆက်လက်ရင်ဆိုင်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးစည်သူကပြောသည်။
“သူဟာ ကလေးသူငယ် ဖြစ်နေတဲ့အတွက် ကလေးသူငယ်အမှုနဲ့ သီးခြားအမှုတစ်ခုအနေနဲ့ ဆောင်ရွက်ရတော့မှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
၎င်းသည် ကလေးသူငယ် ဖြစ်သည့်အတွက် အာမခံလျှောက်ပေးရန် လိုအပ်သော်လည်း ၎င်းကိုယ်တိုင်က အမှုပြီးပြတ်ချင်သည့်အတွက် အာမခံလျှောက်ထားရန် ငြင်းဆန်ခဲ့ကြောင်း ဦးစည်သူက ဆက်ပြောသည်။
“အမှုကိုတစ်ခါတည်း ပြီးပြတ်ချင်လို့ ကျွန်တော်အာမခံမယူပါဘူး၊ ကျွန်တော့်ကိုလွှတ်ပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေကိုလည်း အမေစု (ဒေါ်အောင်ဆန်းစုကြည်) က ကြည့်သွားပါပြီ။ ကျွန်တော်ထောင်ထဲမှာ စာမသင်ချင်ပါဘူး၊ အပြင်မှာပဲသင်ချင်ပါတယ်” ဟု မောင်တူးဝေယံက ပြောသည်။
ရန်ကုန်တက္ကသိုလ်နယ်မြေသို့ ဇူလိုင်လ ၂၀ ရက်နေ့က လာရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များက စာတန်းများကိုင်ဆောင် ဆန္ဒပြရာ၌ ‘မတရား ဖမ်းဆီးခံထား ရသော ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ချက်ချင်းလွှတ်’ စာသားလည်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်က အပြစ်မရှိလျှင်ပြန်လွတ်လိမ့်မည်ဟု ဆန္ဒပြသူများကို တုံ့ပြန်ခဲ့သည်။
အောင်သပြေရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည် ဖော်နေသည့် ရန်ကုန်အခြေစိုက် ‘မြင့်’ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ‘အယ်လ်ဖာ’ ဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လယ်မြေသီးနှံများပျက်စီးမှု အကြောင်းပြချက်များဖြင့် အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။
မေလ ၁၅ ရက်နေ့က စက်ရုံဝင်း အတွင်း ဝင်ရောက်ဖျက်ဆီးမှုတွင် အောင်သပြေကျေးရွာနေကိုးတန်းကျရှုံးထားသည့် ကျောင်းသား မောင်တူးဝေယံလည်း ပါဝင်သည်ဟုဆိုကာ မေလ ၂၄ ရက်နေ့ မနက်က ပုသိမ်ကြီးမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ၎င်းကို ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုပုဒ်မများဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၁၁၄ တို့ဖြင့် စွဲတင်ထားသည်။ ထိုပုဒ်မများအရ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက အမြင့်ဆုံး ၁၀ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။
ရဲတပ်ဖွဲ့ကမူ မောင်တူးဝေယံ (ခေါ်) ဂျစ်တူးသည် မေလ ၁၅ ရက်နေ့ နံနက်က ဒေသခံများမကျေနပ်ကြသည့် အယ်လ်ဖာ ဘိလပ်မြေစက်ရုံဝင်းအတွင်း ဆန္ဒပြသူများနှင့်အတူဝင်ရောက်ကာ ဓာတ်ဆီ ပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဝါးတုတ်ဖြင့် အဆောက်အအုံ၏ အောက်ထပ်မှန်တံခါးအား ရိုက်ခွဲခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း စီစီတီဗီမှတ်တမ်းများနှင့် မောင်တူးဝေယံ၏ ကိုယ်တိုင်ဝန်ခံချက်တို့ကို ကိုးကားပြီး ၎င်း၏ ရဲဇာနည် facebook စာမျက်နှာမှ သတင်းထုတ်ပြန် ထားသည်။
ထိုဖျက်ဆီးမှုနှင့်ပတ်သက်ပြီး မောင်တူးဝေယံအပါအဝင် အနည်းဆုံးလူလေးဦးကို ရဲက မေလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။
မောင်တူးဝေယံကမူပဋိပက္ခတွင် မပါဝင်ခဲ့ကြောင်းနှင့် ထိုပဋိပက္ခနှင့်ပတ်သက်ပြီး ရဲက အလိုရှိနေပြီး တိမ်းရှောင်နေသော ၎င်း၏ဖခင်ကို မဖမ်းမိသည့်အတွက် ၎င်းကို ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် အပြစ်မရှိဘဲ ထိန်းသိမ်းခံရခြင်းသာဖြစ်ကြောင်း ယနေ့ ရုံးထုတ်တွင် မီဒီယာများကို ပြောသည်။
ရုံးချိန်းကို သြဂုတ်လ ၂ ရက်နေ့သို့ပြန်လည်ချိန်းဆို လိုက်သည်။