
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စစ်ဘေးဒဏ်သင့်ကျေးရွာများ အပါအဝင် ရွာပေါင်း (၂၀) ခန့် ရေကြီးနစ်မြုပ်နေသည့်အတွက် ဒေသခံများ စားရေးသောက်ရေး ခက်ခဲနေသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ပြောဆိုသည်။
မင်းပြားမြို့မြောက်ဘက်ရှိ လေးမြို့မြစ်ကမ်းနှင့် ပန်းမြောင်းကြီးချောင်း အနီးတွင်ရှိသည့် ကျေးရွာများမှာ ဇွန်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများအတွင်း စစ်ရှောင်ခဲ့ရသည့် ရွာများဖြစ်သည်။
မင်းပြားမြို့ပေါ် ရပ်ကွက်များ ရေကြီးမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး အခြားကျေးရွာပေါင်း (၂၀) ဝန်းကျင်မှာလည်း ရေနစ်မြုပ်နေကာ ခန့်မှန်းသည့်အရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင်း ဦးလှသိန်းအောင်က ပြောသည်။
“ နေရာတိုင်းလိုလိုမြုပ်နေတာ၊ ကျွန်တော်တို့မသိနိုင်သေးတဲ့ နေရာတွေလည်း ရှိနေနိုင်တယ် ” ဟု ဦးလှသိန်းအောင်က ပြောသည်။
မင်းပြားမြို့ပေါ်ရှိ ရပ်ကွက်တချို့တွင် ရေ ၃ ပေမှ ၄ ပေခန့်အထိ နစ်မြုပ်နေပြီး အချို့ကျေးရွာများတွင် ၅ ပေခန့်အထိ နစ်မြုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာအုပ်စုတွင် ပြင်ယောင်းရွာ၊ သာစေရွာ၊ ချောင်းတော်ရွာ၊ ရွှေတောင်ရွာ၊ ပွဲရကံဆိပ်ရွာနှင့် ငတားရွာများတွင် ရေအနက် ၅ ပေ ဝန်းကျင်အထိ ရောက်ရှိနေသည်ဟု အဆိုပါကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။
အိမ်ခြေ ၇၀၀ နီးပါးနှင့် လူဦးရေ ၄၀၀၀ ကျော်ရှိသည့် အဆိုပါ ကျေးရွာအုပ်စုအပြင် ရွာ (၁၀) ရွာခန့်တွင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
“ ရေက ဒီထက်ပိုပြီး တက်လာမယ်ဆိုရင်တော့ အသက်အန္တရာယ်ပါ ရှိလာနိုင်တယ် ” ဟု ဦးဝေလှအောင်က ပြောသည်။
လွန်ခဲ့သည့် ၅ ရက်ခန့်က စတင်ပြီး ရေတက်လာသည့် အဆိုပါကျေးရွာများသို့ အစိုးရနှင့် မည်သည့်အကူအညီပေးရေးအဖွဲ့မှ လာရောက်ကူညီခြင်း မရှိသေးဟု ၎င်းကဆက်ပြောသည်။

ရေဘေးသင့်ဒေသခံများအတွက် အရေးပေါ်စီမံချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။
မြောက်ဦးမြို့နယ်အတွင်းရှိ စင်္ဘောကိုင်းစစ်ရှောင်စခန်းတွင်လည်း လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် စစ်ရှောင်စခန်းကို နေရာပြောင်းရွှေ့ခဲ့ရပြီး အရေးပေါ်တဲအိမ်များ ဆောက်လုပ်ရန်အတွက် အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
စစ်တွေအခြေစိုက် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အဆိုပါနေရာများမှာ ယခင်ကလည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း စစ်ဒဏ်သင့်ထားသည့် ကျေးရွာများဖြစ်သည့်အတွက် ပိုမိုခက်ခဲသည်ဟု ဆိုသည်။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး နောက် ၂ ရက်ခန့်အထိ မိုးဆက်လက်ပိုနေမည်ဟု သိရသည်။