နိုင်ငံတကာသတင်းသတင်း

ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲ တင်းမာမှုများနှင့် စတင်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် လက်ခံကျင်းပသည့် ယခုနှစ် ဂျီ၂၀ စက်မှုထိပ်သီးနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ ပထဝီနိုင်ငံရေးတင်းမာမှုနှင့် ရာသီဥတုပြောင်းလဲမှု အစရှိသော အရေးကိစ္စကြီးများက လွှမ်းမိုးထားသည်။

နှစ်ရက်တာကျင်းပမည့် ယင်းထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတရှီကျင့်ဖျင်တို့ကို အားလုံးက အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်နေသည့် ယင်းကုန်သွယ်ရေးစစ်ပွဲကြီး ရပ်ဆိုင်းရေးအတွက် သဘောတူညီချက်များ ပေါ်ထွက်လာနိုင်မည်လောဟူသည့် မျှော်လင့်ချက်များစွာလည်း ရှိနေကြသည်။

ထို့အတူ ကမ္ဘာ့ခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခသစ်များကို ဖြစ်ပေါ်လာစေနိုင်သည့် အမေရိကန်နှင့် အီရန်နိုင်ငံအကြား လတ်တလောဖြစ်ပေါ်နေသော တင်းမာမှုများ လျှော့ချနိုင်မည့် နည်းလမ်းကိုလည်း ယခု ဂျီ၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ကြိုးပမ်းရှာဖွေကြလိမ့်မည်ဖြစ်သည်။

ယခုဆွေးနွေးပွဲကြီးတွင် ကမ္ဘာ့ခေါင်းဆောင်များအနေနှင့် ဘုံသဘောတူညီချက် ရရှိနိုင်ဖွယ်ရှိသည့် အရေးကိစ္စမှာ ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး ဂျပန်နိုင်ငံကမူ ယင်းကိစ္စအတွက် ဥရောပခေါင်းဆောင်များအနေနှင့် ညီညွတ်မှုရရှိကြလိမ့်မည်ဟု မျှော်လင့်ထားသည်။

ဥရောပခေါင်းဆောင်များက ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက်မှ နုတ်ထွက်လိုက်သော အမေရိကန်ပြည်ထောင်စု၏ ဦးဆောင်မှုဖြင့် ခိုင်မာသော လုပ်ဆောင်ချက်တစ်ရပ် ထွက်ပေါ်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

သမ္မတထရမ့်ကမူ ဆွေးနွေးပွဲတက်ရောက်ရန် ဂျပန်နိုင်ငံသို့ မရောက်ရှိမီကတည်းကပင် ထိုးနှက်တိုက်ခိုက်ရမည့်သူနှင့် မိတ်ဆွေဖွဲ့ရမည့်သူကို ခွဲခြားသတ်မှတ်ထားပြီးဖြစ်သည်။

စီးနေကျ Air Force One လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့လာရောက်စဉ် လေယာဉ်ပေါ်မှနေ၍ Twitter ပို့စ်များတင်ကာ အိန္ဒိယနိုင်ငံကို စတင်ပြစ်တင်ရှုတ်ချသည်။ လတ်တလော အမေရိကန်ကုန်စည်များအပေါ် အခွန်တိုးမြှင့် ကောက်ခံလိုက်သည့်ကိစ္စမှာ လက်သင့်ခံဖွယ်မရှိဟု ထရမ့်က သူ၏ Twitter တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအပေါ် အလွန်မြင့်မားတဲ့ အခွန်ကောက်ခံမှုတွေကို နှစ်အတော်များများ ပြုလုပ်ခဲ့တယ်၊ ယခုလောလောလတ်လတ်မှာလည်း ထပ်ပြီး အခွန်နှုန်းထားတွေကို မြှင့်တင်လိုက်ပြန်တယ်။ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ တိုးကောက်တဲ့အခွန်တွေကို ပြန်ရုပ်သိမ်းပေးရပါ့မယ်ဟု ထရမ့်က ရေးသားဖော်ပြသည်။

ထရမ့်သည် Air Force One ဖြင့်ဂျပန်သို့ မထွက်ခွာမီက တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။ ဘေဂျင်း(တရုတ်)အစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်တစ်ရပ် ရယူချင်နေကြောင်း၊ အကြောင်းမှာ ကမ္ဘာ့နံပါတ် အဆင့်ရှိ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်သည် ပိုက်ခေါင်းထဲတွင် နစ်မြုပ်နေပြီဖြစ်ကြောင်း ထရမ့်က ဝေဖန်တိုက်ခိုက်ခဲ့သည်။

AFP

Show More

Related Articles

Back to top button