သတင်း

ဗိုလ်ချုပ်ကြီးများကို ဆန္ဒပြသူ ဦးထင်ကျော်ကို အလုပ်နှင့် ထောင်နှစ်နှစ်ချ

ရန်ကင်းမြို့နယ် တရားရုံးရှေ့တွင် အမျိုးသားရင်ကြားစေ့ရေးကို အယုံအကြည် မရှိကြောင်း အော်ဟစ်ခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသူ “ကုန်ဈေးနှုန်းကျဆင်းရေး” ဆန္ဒပြသမားအဖြစ် လူသိကြသည့် ဦးထင်ကျော်ကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ကျခံစေရန် ယင်းမြို့နယ် တရားရုံးက ယနေ့တွင် အမိန့် ချမှတ်လိုက်သည်။
 
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု ကော်မတီအဖွဲ့ (MDCF) ခေါင်းဆောင် ဦးထင်ကျော်သည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ အပြန်အလှန် တရားစွဲကြသည့်အမှုတွင် တရားရုံးဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ကာ ၂၁ ရာစု ပင်လုံညီလာခံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စစ်ဗိုလ်ချုပ်များကို ကာကွယ်ပေး နေကြောင်း ရန်ကင်းမြို့နယ် တရားရုံးရှေ့တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့က အော်ဟစ်ပြောဆိုခဲ့သဖြင့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ၎င်းကို ဖမ်းဆီးကာ ရဲက ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့သည်။

အဆိုပါနေ့က ဦးထင်ကျော်သည် လက်ရှိ NLD အစိုးရကို လူလိမ်ဟု လည်းကောင်း၊ အစိုးရက စစ်ဗိုလ်ချုပ်ကို ထွက်ပေါက်ပေးကြောင်း၊ “အမျိုးသားရင်ကြားစေ့ရေးဟာ အလကား ရင်ကြားစေ့ရေး” ဟု လည်းကောင်း၊ “ငါတို့ MDCF အာဏာရရင် စစ်ဗိုလ်ချုပ်တွေကို ဖမ်းပြီး ထောင်ထဲ ထည့်ပစ်မယ်” ဟု လည်းကောင်းပြောဆိုခဲ့သည့် မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုသက်သေများ ရှိကြောင်း၊ ထို့ပြင် ထိုနေ့က ပြောဆိုရာတွင် ပါဝင်သည့် အချက်များမှာ  မှန်ကန်သည့်အချက်များ ဖြစ်ပါသည်ဟု သက်သေပြနိုင်ခြင်းလည်း မရှိကြောင်း တရားသူကြီးက ယနေ့ အမိန့်ချမှတ်ရာတွင် ဆိုသည်။

ထို့ကြောင့် ဦးထင်ကျော်၏ ပြောဆိုချက်များသည် နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်ပြောဆိုသည်ဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေဟု တရားသူကြီးက အမိန့်ချမှတ်သည်။

နန်းထိုက်တော်ဝင် စားသောက်ဆိုင်ရှင်နှင့် ဂရိတ်နိုင်း ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ဦးထင်ကျော်ကို အသရေဖျက်မှုနှင့် တရားစွဲဆိုခဲ့ပြီး ဦးထင်ကျော်ကလည်း မမှန်သက်သေတင်မှုနှင့် ပြန်လည်တရားစွဲဆိုရာတွင် ရန်ကင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ဦးထင်ကျော်က တရားရုံးရှေ့တွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းမော်က ဆိုသည်။

MDCF သည် တပ်မတော်က နိုင်ငံရေးတွင် မပါဝင်ရေး တစိုက်မတ်မတ်တောင်းဆိုနေသည့် အဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့သားများသည် မကြာခဏဆိုသလို စစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က လာရောက် အရေးယူပေးရန် ဆူးလေဘုရား၊ မြို့တော်ခန်းမရှေ့တို့တွင် ဆန္ဒထုတ်ဖော်လေ့ ရှိကြသည်။

MDCF အဖွဲ့သားတစ်ဦးဖြစ်သူ ဦးတင်မောင်ကြည်ကလည်း ဇွန်လ ၂၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့ စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများအား အမြန်ဆုံး လာရောက်ဖမ်းဆီးရန် ရန်ကုန်မြို့လယ်တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ရဲက ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယနေ့တရားရုံး ရုံးထုတ်ရာတွင်လည်း ဦးထင်ကျော်သည် ၎င်း၏ စပို့ရှပ်အင်္ကျီဖြူပေါ်၌ Welcome UN, ICC, R2P, DEA, Genocide စသည့် စာလုံး ရေးသားထားသည်ကို တွေ့ရသည်။

၎င်းအား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ်သည့်အပေါ် သမိုင်းက ဆုံးဖြတ်ပေးသွားလိမ့်မည်ဟုလည်း ဦးထင်ကျော်က အမိန့်ချအပြီး ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button