နိုင်ငံတကာသတင်းသတင်း

ဒုက္ခသည်များပြန်ခေါ်ဖို့အရေး မြန်မာဘက်က ဆန္ဒမရှိဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်များကို ပြန်လည်ခေါ်ယူဖို့ရန် စိတ်မပါ ဖြစ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စွပ်စွဲလိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုဒုက္ခသည်များ ပြန်သွားမှာကိုလည်း နိုင်ငံတကာအဖွဲ့အစည်းနှင့် အကူအညီပေးရေးအသင်းအဖွဲ့အချို့ ကလည်း အဆိုပါပြဿနာ ပြီးဆုံးမသွားစေလိုသည့် သဘောရှိသည်ဟု ပြောကြောင်း ဒါကာထရစ်ဗြွန်း သတင်းဌာနက ရေးသားထားသည်။

“ပြဿနာက မြန်မာနိုင်ငံဘက်မှာ ရှိတာပါ။ ဒီ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ပြန်ခေါ်ပါ့မယ်လို့ နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ထားပေမယ့်လည်း ဒီလူတွေကို သူတို့ တစ်နည်းနည်းနဲ့ ပြန်ခေါ်ဖို့ရာ စိတ်ဆန္ဒမရှိဘူး” ဟု တနင်္ဂနွေနေ့က ပြောသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာအထောက်အပံ့အဖွဲ့အစည်း အချို့သည်လည်း ထိုပြဿနာ ပြေလည် သွားမှာကိုပင် စိုးရိမ်နေသလားဟု သံသယဖြစ်မိကြောင်း ရှိတ်ဟာဆီနာက ပြောသည်။

“ဒီဒုက္ခသည်တွေ ဌာနေပြန်သွားမှာကို သူတို့ လုံးဝမလိုလားဘူး” ဟု ၎င်းက ပြောသည်။

“ကျွန်မကတော့ ဒီလိုပဲ မြင်တာပါပဲ” ဟု ဝန်ကြီးချုပ်က ဂျပန်၊ ဆော်ဒီအာရေဗျနှင့် ဖင်လန် သုံးနိုင်ငံ ခရီးစဉ်အပြီး နောက်တစ်ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ယခုပြဿနာတွင် တရုတ်၊ အိန္ဒိယနှင့် ဂျပန် နိုင်ငံကြီးသုံးနိုင်ငံစလုံးက မြန်မာဘက်က ရပ်တည်ကြပြီး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိုသုံးနိုင်ငံခေါင်းဆောင်များအားလုံးနှင့် သီးခြား ဆွေးနွေးခဲ့ကြောင်း၊ ထိုသုံးနိုင်ငံစလုံးက ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု လက်ခံကြောင်းနှင့် ဒုက္ခသည်များ ဌာနေပြန်ရေး သဘောတူကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ဒါပေမဲ့ ဒီသုံးနိုင်ငံစလုံးကတော့ သူတို့အားလုံးက မြန်မာကို ဒီကိစ္စမှာ အတိုက်အခံလုပ်နေလို့ရှိရင် မြန်မာကို နားဝင်အောင်ပြောနိုင်မယ့်နိုင်ငံ ဘယ်ရှိပါတော့မလဲလို့ ပြန်ချေပကြတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရှေ့လမှာ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတစ်ပွဲသို့ တရုတ်သမ္မတ၏ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ကြောင်း၊ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒြာမိုဒီကသာ ဖိတ်ကြားမည်ဆိုလျှင် အိန္ဒိယသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ရှိတ်ဟာဆီနာက ပြောသည်။

ဒုက္ခသည်စခန်းများရှိ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍လည်း စိတ်ပူမိသည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာအများအပြားသည် မှုခင်းကျူးလွန်မှုများတွင် ပါဝင်ပတ်သက်နေသဖြင့် စစ်တပ်နှင့် ရဲတို့ကို ခေါ်ယူကာ အထူးစောင့်ကြပ်နေရသည်ဟုလည်း ၎င်းက ပြောသည်။

“သူတို့ကို ဒုက္ခသည်စခန်းတွေပတ်ပတ်လည်မှာ လုံခြုံရေး အထူးမြှင့်တင်ခိုင်းထားပြီး တောက်လျှောက် ကင်းလှည့်ခိုင်းထားရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းတို့အတွက် ဘင်္ဂလားဒေ့ရှ်ကမ်းလွန် ကျွန်းတစ်ကျွန်းပေါ်တွင် သက်သောင့်သက်သာ ဖြစ်စေမည့် နေအိမ်များ ဆောက်လုပ်ပေးထားသော်လည်း ထိုကျွန်းသို့ ပြောင်းရွှေ့နေထိုင်ဖို့ရာ ယင်းဒုက္ခသည်များ အဘယ့်ကြောင့် စိတ်ဆန္ဒမရှိဖြစ်နေသည်ကို နားမလည်ဟုလည်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောသည်။

ကိုးကား Dhaka Tribune

Show More

Related Articles

Back to top button