
ရေကြည်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် ကိုယ်တိုင် မောင်းနှင်လာသည့်ယာဉ်မှာ ဇွန်လ ၆ ရက်နေ့ (ယမန်နေ့) နေ့လယ်ပိုင်းက ပုသိမ် – ချောင်းသာ – ငွေဆောင်ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် မောင်းနှင်လာသည့် ဖိုဒ်အနက်ရောင် ယာဉ်မှာ ပုသိမ်ကြိုးတံတားဘက်အခြမ်းမှ မြို့ထဲသို့ မောင်းလာစဉ် ” နိုက်တင်ဂေး” လက်ဖက်ရည်ဆိုင်ရှေ့အရောက် လမ်း၏ယာဘက်ခြမ်းတွင် ရပ်ထားသည့် အဖြူရောင် ယာဉ်တစ်စီးကို ဝင်တိုက်မိပြီးနောက် အမျိုးသား နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို ထပ်မံဝင်တိုက်မိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။
” ယာဉ်တိုက်မှု ဖြစ်ပွားတာတော့မှန်ပါတယ်၊ ကားတစ်စီးကိုအရင်တိုက်တယ်၊ ပြီးတော့ လမ်းဘေးက မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကိုထပ် တိုက်မိတာ၊ ဆိုင်ကယ်မောင်းတဲ့ သူကတော့ စိုးရိမ်ရတယ်၊ ဖြစ်စဉ်နဲ့ပတ်သက်လို့ သူ့ကိုဥပဒေအရအရေးယူ ဆောင်ရွက် ထားပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည် ကားနှင့်ဆိုင်ကယ်များကို ကရိန်း ကားဖြင့် သယ်ထုတ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ယူဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသည့် သူများကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (ဧရာဝတီ)၏ အသင်းမှကားဖြင့် လာရောက်ခေါ်ယူကာ ပုသိမ်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“ကားကတစ်ဖက်ကို စောင်းပြီးတော့ ရပ်ထားတဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်မိတာ၊ ကိုမျိုးညွန့်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဆိုင်ကယ်မောင်းတဲ့ တစ်ယောက်ကတော့ စိုးရိမ်ရလို့ ဆေးရုံကိုပို့ပြီး ကူညီဆောင်ရွက်မှု တွေပြုလုပ်ပေးနေပါတယ်၊ တိုက်တဲ့ကားနဲ့ အတိုက်ခံရတဲ့ ဆိုင်ကယ်တွေအကုန် ယာဉ်ထိန်းရုံးမှာပါ” ဟု ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

ကြိုးတံတားဘက်မှ ထမင်းစားပြီးပြန်လာချိန်တွင် ရှေ့လမ်းဘေး ကားတစ်စီး ရပ်ထားသည့် နောက်မှ ဆိုင်ကယ်တစ်စီး ထွက်လာသည်ကို ရှောင်လိုက်စဉ် ကားတစ်စီးဖင်ကို ဝင်တိုက်မိပြီးနောက် ဆိုင်ကယ်များကို ထပ်မံတိုက်မိခဲ့ကြောင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က Myanmar Now ကိုပြောသည်။
“နစ်နာတဲ့သူတွေအကုန်လုံးကို သူတို့စိတ်တိုင်းကျ အဆင်ပြေအောင် အကုန်လုပ်ပေးမှာပါ၊ ဒဏ်ရာရတဲ့သူကိုတော့ ပုသိမ်ဆေးရုံကြီးကနေ ဒီနေ့ပဲ ရန်ကုန်ဆေးရုံကြီးကို ပြောင်းကုသဖို့ (ကျွန်တော်) အကုန်စီစဉ်ပေးထားပါတယ်။ (ကျွန်တော့်) ညီနှစ်ယောက်ပါ ထည့်ပေးလိုက်ပါတယ်၊ ကျွန်တော် ကတော့ ခုရဲစခန်းမှာ လုပ်ထုံးလုပ်နည်းအရ အမှုဖွင့်ခံထားရတယ်၊ အစိုးရရဲ့မျက်နှာ၊ လွှတ်တော်ရဲ့မျက်နှာနဲ့ အခွင့်အရေးတစ်ခုမှာ မယူပါဘူး၊ အကုန်လုံးကို ဖြေရှင်းသွားမှာပါ” ဟု Myanmar Now ကိုပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ရေကြည်မြို့ နယ်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းက ယာဉ်(ပ) ၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးမှုများ ပြုလုပ်ထားရသည်။