သတင်း

ဦးဝီရသူအကြောင်းပြု၍ သံဃာသင်းကွဲမည်မဟုတ်ဟု မဟနဆရာတော်မိန့်

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲခံရပြီးနောက် တိမ်းရှောင်နေသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကို ထောက်ခံသော သံဃာဆိုသူများသည် လက်တစ်ဆုပ်စာသာ ဖြစ်သည့်အတွက် တရားစွဲခံရမှုကို အကြောင်းပြု၍ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာရဟန်းတော်များကြားတွင် သင်းကွဲမှုများ ဖြစ်ပေါ်လာစရာ မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က ယနေ့ မိန့်ကြားလိုက်သည်။

“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး ထဲမှာလည်း အများစုက သူ့ကို မကြိုက်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာမှာရှိတဲ့ သံဃာတွေ၊ စာသင်တိုက်တွေ အများစုကလည်း သူ့ကို မကြိုက်ဘူး။ သူ့ကိုထောက်ခံသူ သံဃာတွေဆိုတာလည်း လက်တစ်ဆုပ်စာပဲ။ သင်္ကန်းအရေခြုံတွေ ပါတယ်၊ တချို့ နေ့စားလိုက်လုပ်တာတွေ ပါတယ်။ သံဃာသင်းကွဲဖြစ်ဖို့ စိုးရိမ်စရာ မရှိဘူး” ဟု မဟန ဒုတိယဥက္ကဋ္ဌ ဆရာတော် ဖြစ်သူ ဦးအဂ္ဂဓမ္မက Myanmar Now ကို မိန့်သည်။

ထို့ပြင် ဦးဝီရသူသည် လူဝတ်ကြောင်များ လိုက်နာရမည့်ဥပဒေများကို ချိုးဖောက်ခဲ့ခြင်းကြောင့် လူဥပဒေအရ အရေးယူခံရခြင်းသာဖြစ်ပြီး၊ မဟနအဖွဲ့က သူ့ကို အကာအကွယ်ပေးမည် မဟုတ်ကြောင်းလည်း ဆရာတော်က မိန့်သည်။

သြဝါဒပေးလည်း ထူးမည် မဟုတ်

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ပြီး ၂ ရက်အကြာ မေလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က ဆုံးမသြဝါဒပေးရန် ဆင့်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆင့်ခေါ်မှုကို ဆိုင်းငံ့လိုက်သည်။

ဆိုင်းငံ့ရခြင်းမှာ တိုင်းမဟနကို အကြောင်းပြု၍ ထောင်ချောက်ဆင် ဖမ်းဆီးသည်ဟု စွပ်စွဲလာမည်ကို ဆရာတော်များက စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်ဟု ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

“ရန်ကုန်မှာ ဦးဝီရသူ ဟောခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက သာသနာရေး ဝန်ကြီးဌာနကို တိုင်တယ်။ ဝန်ကြီးဌာနက ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာနကို ညွှန်ကြားတယ်။ တိုင်းသာသနာရေးက တိုင်းသံဃမဟာနာယကအဖွဲ့ကို ထပ်တင်ပြတယ်။ တိုင်းမဟနကနေပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို တင်ပြတယ်။ နောက်ဆုံး ဗဟိုမဟနကနေပြီး ဦးဝီရသူကို သြဝါဒပေးဖို့ တိုင်းမဟနကို ညွှန်ကြားတာပေါ့။ သြဝါဒပေးတယ်ဆိုတာလည်း နောက်ထပ်မလုပ်ဖို့ ပြောတာဆိုတာပဲ။ ဒါ့ထက်လည်း မဟနက ဘာမှပိုမလုပ်နိုင်ဘူး” ဟု ဆရာတော်က ရှင်းပြသည်။

မဟနကသြဝါဒပေးဖို့ ဆိုင်းငံ့ခဲ့သော်လည်း ဦးဝီရသူကို ထပ်မံ ဆင့်ခေါ်မည်ဖြစ်ကြောင်း၊ သြဝါဒ လာရောက်ခံယူရန် ပျက်ကွက်ပါက ထောင်ဒဏ် ၆ လ အထိ အပြစ်ပေးနိုင်သည့် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုသွားမည်ကြောင်း သာသနာရေးဦးစီးဌာနက ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဆရာတော်ဦးအဂ္ဂဓမ္မက ထိုဆုံးမသြဝါဒပေးမည့် အစီအစဉ်သည် ဦးဝီရသူအား တရားစွဲသည့် ကိစ္စကို မည်သည့်သက်ရောက်မှုမျှ ရှိစေမည် မဟုတ်ကြောင်း၊ တိုင်ကြားသူ ရှိသောကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း သြဝါဒပေးရခြင်းဖြစ်ကြောင်း၊ သြဝါဒပေးသော်လည်း ဦးဝီရသူသည် ပြုပြင်ပြောင်းလဲဖွယ် မရှိကြောင်း မိန့်သည်။

“ဆင့်ခေါ်လည်း လာမှာ မဟုတ်ဘူး။ လာလို့ သြဝါဒပေးလို့ ဘာမှ ထူးမှမဟုတ်ဘူး။ ပြည်ထဲရေးက အရေးမယူရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

သံဃာထု ကြဉ်ဖယ်

ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တွင် အဇာတသတ်နှင့်ပေါင်းပြီး ဘုရားအား သေစေရန်ကြိုးစားခဲ့သူ ရှင်ဒေဝဒတ်ကို သံဃာများက ပကာသနိယကံ ပြုလုပ်သကဲ့သို့ ယခုအခါ ဦးဝီရသူကိုလည်း အလားတူ ပြုလုပ်နိုင်ကြောင်းလည်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်သည်။

ပကာသနိယကံ ဆိုသည်မှာ ဦးဝီရသူ၏ ဟောပြောမှုများသည် ဘုရား၊ တရား၊ သံဃာနှင့် မသက်ဆိုင်ကြောင်း သံဃာများက ၎င်းထင်ရှားအောင် ကမ္မဝါဖတ်၍ အသိပေးခြင်း ဖြစ်ကြောင်းလည်း ဆရာတော်က ရှင်းပြသည်။

သံဃာတွေ ညီညွတ်ရင် ပကာသနိယကံပြုလို့ ရပါတယ်။ သူဟောတဲ့တရားတွေ ဆိုတာလည်း စစ်တပ်အာဏာပြန်ရရေးပဲ။ ဘုရား၊ တရား၊ သံဃာနဲ့ ဘာမှ မပတ်သက်ဘူး”ဟု ဆရာတော်က မိန့်ကြားသည်။

ဦးဝီရသူသည် လက်ရှိ အစိုးရအဖွဲ့ကို အားလုံးသူခိုးတွေပဲဟု မကြာသေးမီက မြိတ်မြို့ ဟောပြောပွဲတစ်ခုတွင် စွပ်စွဲပုတ်ခတ် ပြောဆိုခဲ့ပြီး၊ ရန်ကုန်မြို့ဟောပြောပွဲတစ်ခုတွင်လည်း လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များကို ဘုရားကဲ့သို့ ကိုးကွယ်သင့်သည်ဟု ပြောဆိုမှုကြောင့်ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထု၏ ဝေဖန်မှုကို ခံနေရသည်။

ထိုဟောပြောမှုများကြောင့် အစိုးရက ၎င်းအား ထောင်ဒဏ် အနှစ် ၂၀ အထိ အများဆုံး အပြစ်ပေးနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် မေ ၂၈ ရက်နေ့က တရားစွဲထားသည်။

Show More

Related Articles

Back to top button