သတင်း

ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့် တပ်နှင့် AA ကြား စစ်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ခန့် တိုးလာ

မြန်မာ့တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) ကြား ထပ်မံဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လူဦးရေ ၆၀၀၀ ခန့် တိုးလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

မေလ ၂၇ နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ စစ်တမ်းအရ စစ်ဘေးရှောင်ဦးရေ ၄၀,၀၀၀ ကျော် ရှိရာမှ လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ နီးပါး ရှိပြီဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီး စားဝတ်နေရေး ခက်ခဲကြောင်း၊ အမိုးအကာများ အဆင်မပြေကြောင်း၊ သောက်သုံးရေ ခန်းခြောက်လာကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်ပြီး ဖြေရှင်းပေးနေသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း REC ဥက္ကဋ္ဌက Myanmar Now ကို ပြောသည်။

စာသင်ကျောင်းတွေလည်း ဖွင့်တော့မယ်။ သူတို့က အပြင်တဲကုပ်လေးတွေမှာ နေတဲ့အတွက် ကျန်းမာရေးစိုးရိမ်စရာ ဖြစ်လာနိုင်တယ်ဟု ဦးရွှေဘော်စိန်က ပြောသည်။

နိုင်ငံရေးအရဖြစ်တဲ့ ပြဿနာတွေလို့ သုံးသပ်မိတယ်။ လူမျိုးရေးအရ ပြောင်းတဲ့အသွင်ကို ကျွန်တော်တို့ ပြည်သူတွေက မလိုလားပါဘူး။ စစ်ဆိုတာလည်း တစ်ယောက်မှ မဖြစ်ချင်ဘူး။ နှစ်ဖက်က တိုက်ခိုက်မယ့်အစား ငြိမ်းချမ်းရေးကို ဆွေးနွေးပြီး စားပွဲဝိုင်းမှာ အဖြေရှာသင့်ပါတယ်ဟု ၎င်းက ပြောသည်။

ဇွန်လ ရက်နေ့ က မင်းပြားမြို့နယ် မြောက်ဘက်ရှိ ရွှေတမာကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ရွာအနီးလက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား ၈၀၀ ကျော် ရွာမြောက်ဘက် တောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည်။

လတ်တလော ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ရွာသားများက ရွာသို့ပြန်ရန် ငြင်းဆန်နေကြဆဲဖြစ်သည်ဟု အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

ကြောက်လို့မပြန်ကြသေးဘူး အားလုံးက တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်ဟု ဦးကျော်သိန်းက ပြောသည်။

မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အစပ် ကျေးရွာများအနီး ဇွန် ရက်နှင့် ရက်နေ့များက ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ဘေးရှောင်အရေအတွက် အများအပြားတိုးမြင့်လာပြီး အဆိုပါတိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများလည်းရှိသည်။

ဇွန် ရက်နေ့က မင်းပြားမြို့နယ် စပါးထားကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် အရပ်သားများ ပုန်းခိုနေကြစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နှင့် ပုဏ္ဏားကျွန်းမြို့ စသည့်မြို့နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာမှ စတင်သည့် တိုက်ပွဲများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA က ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက်တွင် ပိုမိုပြင်းထန်လာပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရမှုနှင့် စစ်ဘေးရှောင်အရေအတွက်မှာလည်း လျင်လျင်မြန်မြန် မြင့်တက်လာသည်။

Show More

Related Articles

Back to top button