
လုပ်အားခများ ပေးချေရန် ပျက်ကွက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အလုပ်သမား ၂၀ ခန့်က Mytel ဆက်သွယ်ရေးကုမ္ပဏီကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြစ်၀ကျွန်းပေါ်ဒေသ ဟင်္သာတမြို့တွင် Mytel ဖိုက်ဘာကေဘယ်သွယ်တန်းရေး စီမံကိန်း ကန်ထရိုက်ရခဲ့သည့် “ဆန်းမျိုးအောင်” ကုမ္ပဏီ နှင့် ၄င်းတို့က ထပ်ဆင့် ငှားရမ်းထားသည့် အလုပ်သမားများ သည် ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်ရှိ Mytel ကုမ္ပဏီရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီမှစ၍ ၂ နာရီကြာ အသံတိတ်ဆန္ဒပြခဲ့ကြသည်။
ကရင်ပြည်နယ် အခြေစိုက် “ဆန်းမျိုးအောင်” ကုမ္ပဏီထံ Mytel ဘက်က လုပ်အားခ သိန်း ၄၀၀ ခန့် ပေးချေရန် ပျက်ကွက်နေကြောင်း၊ ယင်းအတွက် “ဆန်းမျိုးအောင်” ကုမ္ပဏီကလည်း ၄င်းတို့ ပေးချေရမည့် လုပ်အားခများ မပေးချေနိုင်ခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ပုသိမ် Mytel ရုံးရှေ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ဦးအောင်တေဇာထွန်းက ပြောသည်။
“လုပ်ငန်းပြီးဆုံးတာ ၁ နှစ် ရှိသွားပြီ။ ကနေ့အချိန်အထိ တစ်ကျပ်မှ မရသေးဘူး။ လုပ်အားခတွေ ရှင်းပေးဖို့ ပုသိမ်နဲ့ ရန်ကုန် Mytel ရုံးမှာ တောင်းတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကနေတစ်ဆင့် တောင်းတယ်။ အကြိမ် ၂၀ ရှိပြီ ရှင်းပေးမယ် ပြောပြီး မရှင်းပေးဘူး” ဟု ၄င်းက ပြောသည်။
Mytel ၏ တစ်ဆင့်ခံ ကန်ထရိုက် “ဆန်းမျိုးအောင်” ကုမ္ပဏီဒါရိုက်တာ ဦးရဲထွဋ်လင်းက ၄င်းတို့ ဆောက်လုပ်ပေးထားသည့် ဖိုင်ဘာဆက်ကြောင်းများကို Mytel တယ်လီဖုန်း ကွန်ရက်တွင် စတင်အသုံးပြုနေပြီ ဖြစ်သော်လည်း လုပ်အားခများ မရရှိသေးဟု ပြောသည်။ Mytel ဘက်ကသာ ၄င်းတို့ကို ပေးချေရမည့် ငွေပေးခဲ့ပါက ၇၂ နာရီအတွင်း ဆန္ဒပြအလုပ်သမားများ၏ လုပ်အားခ ပေးချေမည်ဟုလည်း ၄င်းက ဆိုသည်။

Mytel က “ဆန်းမျိုးအောင်” ကုမ္ပဏီထံပေးရန် ရှိသည်များအနက် ၉၅ ရာခိုင်နှုန်း ပေးချေရန် ကျန်ရှိကြောင်း၊ ငွေပေးချေရန် အဆင်သင့်ရှိသော်လည်း စာရွက်စာတမ်း မစုံလင်မှုကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း Mytel ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။
“ပေးဖို့ကတော့ ပိုက်ဆံအဆင့်သင့်ရှိတယ်။ စာရွက်စာတမ်းမစုံလို့ ပေးလို့မရသေးတာပါ” ဟု Mytel ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
Mytel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global JSC နှင့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ရှိ Star High အပါအဝင် မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီများက ၂၀၁၆ တွင် ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
MPT ၊ Ooredoo နှင့် Telenor တို့နောက် မြန်မာနိုင်ငံ၏စတုတ္ထမြောက်အော်ပရေတာ Mytel ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားများ ပိုင်ဆိုင်ပြီး ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်နိုင်ငံသား ရှယ်ယာရှင်များ ပိုင်ဆိုင်ကြသည်။
လုပ်အားခရရှိရေး ဆန္ဒဖော်ထုတ်ခဲ့သည့် လုပ်သားများက Mytel ကုမ္ပဏီအနေဖြင့် ၄င်းတို့၏လုပ်အားခများကို ဖြေရှင်းမပေးပါက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ စာပို့တိုင်ကြားရန်လည်း ပြင်ဆင်နေကြသည်။