သတင်း

ပါတီဝင် ထောင်၊ သောင်းချီ ရှိနေပြီဟု သူရဦးရွှေမန်းဆို

ပါတီမှတ်ပုံတင်ခွင့် ကျအပြီး ရက်၂၀ခန့်အကြာတွင် ပါတီဝင် ထောင်၊သောင်းချီကာ ရှိနေပြီဖြစ်ကြောင်း ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက ယနေ့ ပဲခူးတိုင်းပါတီရုံးခန်း ဖွင့်ပွဲတွင် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ပါတီဝင်အင်အား ထောင်နှင့်သောင်းနှင့်ချီ ရှိနေပြီဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသော်လည်း တိကျသည့် ပါတီဝင်အရေအတွက်ကိုမူ ပြောကြားခြင်းမရှိပေ။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပဲခူးတိုင်းဒေသကြီးရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ပဲခူးမြို့ ၊ ရှင်စောပုရပ်ကွက် ၊ ဟင်္သာလမ်းတွင် မေလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည် ။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက သူအနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို များစွာ ဆောင်ရွက်ခဲ့ပြီး ပိုင်ဆိုင်မှုကို အချိန်မရွေး ကြေညာရဲသူဖြစ်ကာ အခြားသူများလည်း ပိုင်ဆိုင်မှု ကြေညာရဲပါသလားဟုလည်း ယင်းပါတီရုံးခန်းဖွင့်ပွဲတွင် မေးခွန်းထုတ်လိုက်သည်။

“ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေး ကျွန်တော် ကြေညာနိုင်တယ်။ အဆင်သင့်လည်းရှိတယ်။ ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ ဘဝကိုလည်း အစမ်းသပ်ခံနိုင်တယ်။ အစစ်အဆေးခံနိုင်တယ်” ဟု ၎င်းက ပြောသည်။

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းရုံးဖွင့်ပွဲတွင် ၎င်းက ယခင် သူလုပ်ကိုင်ခဲ့သည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

“ဒီစကားမျိုးကို ဘယ်သူပြောရဲသလဲ။ ဘယ်သူပြောရဲသလဲ။ ကျွန်တော်တို့လို လာရာ လမ်းကြောင်းကလာတဲ့ လူတွေ ဘယ်သူပြောရဲသလဲ။ ဘယ်သူ လုပ်သလဲ”ဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ခဲ့သည့်အပေါ် လူထုအကြား ဝေဖန်မှုများရှိနေပြီး ၎င်း၏ပိုင်ဆိုင်မှု၊ မိသားစုပိုင်ဆိုင်မှု၊ သားနှစ်ဦး၏ ပိုင်ဆိုင်မှုများကို မသိရှိ၍ တစ်ဖက်သတ်သိက္ခာချနေခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ယခုအချိန်တွင် ထိုအချက်ကို ရှေ့တန်းတင်ရန် မသင့်တော်သေးဟု ၎င်းက ဆိုသည်။

“ဒီကောင်က Hero လုပ်တယ်။ ဒီကောင်က ငါတို့ကို ဘာလုပ်တယ်။ ညာလုပ်တယ်ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်းမှာ စစ်အစိုးရလက်ထက် နံပါတ် ၃နေရာတွင်ရှိသည့် တပ်မတော် ထိပ်ပိုင်းအကြီးအကဲ တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံတော်သမ္မတအဖြစ် လျာထားကြောင်း သတင်းထွက်ခဲ့သူတစ်ဦးဖြစ်သည်။

သူရဦးရွှေမန်း၏ သားနှစ်ဦးဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့တွင် ဦးအောင်သက်မန်းမှာ ပြည်တွင်း၌ အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ဦးတိုးနိုင်မန်းမှာ စစ်အစိုးရလက်ထက် နာမည်ကြီး လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဇေကမ္ဘာဦးခင်ရွှေ၏ သမက်ဖြစ်ကာ ချမ်းသာကြွယ်ဝသူ တစ်ဦးဖြစ်သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့သည် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအနေနှင့် ဇေယျာသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်များကို ထမ်းဆောင်ခဲ့သည် ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်အတွင်းသို့ NLD ပါတီ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ ဆက်ဆံရေး ပိုမိုအားကောင်းလာခဲ့သည်။

ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် သမ္မတဖြစ်သူ ဦးသိန်းစိန်နှင့် အားပြိုင်မှုဖြစ်ပွားပြီး သန်းခေါင်ယံအာဏာသိမ်းမှုဟု လူသိများသည့် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကို ရဲတပ်ဖွဲ့ဝင်များ က၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့ ညတွင် အဝိုင်းခံရပြီးနောက်ပိုင်းတွင် ပါတီဥက္ကဋ္ဌနေရာကို စွန့်လွှတ်ခဲ့ရသည် ။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည် ။

NLD အစိုးရလက်ထက်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကော်မရှင် သက်တမ်းမတိုးရန် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ခြင်းခံခဲ့ရသည်။

Show More

Related Articles

Back to top button