တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များက လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်၊ အသံဖမ်း၊ ဓာတ်ပုံ မှတ်တမ်းတင်မှုများမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုတို့ကို ကာကွယ်ပေးရေး ဥပဒေနှင့်အညီသာ ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သည့် “လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်မှုအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များမှာ ဥပဒေနှင့်ညီညွတ်မှု ရှိမရှိ” မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးခင်ဇော်က စရဖ ၏ လုပ်ဆောင်မှုမှာ ၂၀၁၇ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ဥပဒေနှင့် ငြိစွန်းနေသလားဟု မေးမြန်းခဲ့သည်။
ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ နိုင်ငံသားတို့၏ဥပဒေနှင့်ညီ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တို့ကို ညွှန်းဆိုခြင်းဖြစ်သည်ဟု ထိုဥပဒေ၏ ပုဒ်မ ၂(ဂ)တွင် ပြန်ဋ္ဌာန်းထားကြောင်း ထို့ပြင် ၈(ခ)တွင်လည်း နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့သိက္ခာကို ထိခိုက်စေသော နောက်ယောင်ခံ စောင့်ကြည့်ခြင်းနှင့် စုံထောက်ခြင်းနှင့်စုံစမ်းခြင်းတို့ မပြုလုပ်ရဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ဆိုသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ သက်ဆိုင်ရာ နယ်မြေ အတွင်းရှိ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး ထူးခြားမှု သတင်းများအား ရယူနေခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
အရေးကြီးအဆောက်အအုံများကို ဖောက်ခွဲမဖျက်ဆီးနိုင်စေရန်နှင့် အရေးကြီးပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရန် ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မသက်ဆိုင်ဟု ၎င်းက ဆိုသည်။
၎င်းက စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူခွင့်ကို ကန့်သတ်လိုက်မည်ဆိုပါက အခြားသော သတင်းရယူသူများကိုပါ ကန့်သတ်ရာ ရောက်နိုင်သည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်ဟု ဝေဖန်သည်။
သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ပြောဆိုမှုများအပေါ် မမှန်မကန်၊လုပ်ကြံဖန်တီးပြီး သတင်းအမှားများ ဖန်တီးလာပါက သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီသာ အရေးယူရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းသို့ စောင့်ကြည့်စုံစမ်းမှုများ လုပ်နေသော စရဖ တပ်ဖွဲ့ဝင်များကို မေးမြန်းရာတွင် နာမည်သာပြောပြီး ကိုယ်ပိုင်နံပါတ် မပြောကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားမှုကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက စရဖ တပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များမှာ ဥပဒေနှင့်အညီသာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်က စရဖ အဖွဲ့ဝင်များကို ကိုယ်ပိုင်နံပါတ် မေးသကဲ့သို့ သတင်းမီဒီယာသမားများကိုရော သတင်းဌာနအမည် မေးမြန်းလေ့ရှိသလားဟု ပြန်လှန်မေးခွန်းထုတ်ခဲ့သည်။
စရဖဟု လူသိများသည့် တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၏ အရာရှိချုပ်အဖြစ် လက်ရှိ ဒုတိယသမ္မတ ဦးမြင့်ဆွေက တာဝန်ယူခဲ့သည်။