
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသည့် ရွာသားများထဲမှ ၃၅ ဦးကို ယနေ့နေ့လယ်က ထပ်မံလွှတ်ပေးလိုက်ပြီး ၆ဦးအား ဆက်လက် စစ်ဆေးရန် စစ်တွေမြို.သို့ ယမန်နေ့က ခေါ်ဆောင်သွားသည်။
စစ်တွေသို့ ပို့ခံရသူများထဲမှ ၄ ဦးသည် ၄င်းတို့သည် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ကျန် ၂ဦးမှာ AA နှင့် ပတ်သက်မှုရှိကြောင်း ယူဆရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ၄င်းတို့အား စစ်တွေမြို့ရှိ တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားပြီး ရဲစခန်းတွင် အမှုမဖွင့်ခင် သံသယရှိသူ ၂ဦးကို အသေးစိတ် ဆက်လက်စစ်ဆေးနေသည်ဟု ၄င်းက ဆက်လက်ပြောသည်။
“တရားစွဲတင်ဖို့က သေချာသွားပါပြီ လိုအပ်တဲ့ အချက်အလက်တချို့ ရှာတာတွေ လုပ်နေတယ် ” ဟု ၄င်းက ပြောသည်။ ဧပြီ ၃၀ ရက်နေ့က တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ကျောက်တန်းရွာအတွင်း ဝင်ရောက်လာပြီး ရွာသား ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်နွှယ်မှုရှိသည်ဆိုသည့် သံသယဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးနေစဉ် မေလ ၂ရက် မနက်အစောပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားသဖြင့် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရသွားခဲ့သည်။
ထိန်းသိမ်းထားသူများထဲမှ ရွာသား ၁၀၀ ကျော်ကို မေ ၃ ရက်နေ့က တစ်ကြိမ်လွှတ်ပေးခဲ့ပြီး၊ မေ ၆ ရက်နေ့တွင် ရွာသား ၄၀ ကျော်ကို တစ်ကြိမ် ထပ်မံလွှတ်ပေးခဲ့ကာ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။
အစောပိုင်း ပြန်လွှတ်ပေးသူများထဲမှ ၁ ဦးကို စစ်ဆေးရန် ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ဆေးခံနေရသူ ၄၃ဦး ရှိသည်။ တပ်က ၀င်စီးထားသည့် အဆိုပါရွာအတွင်းသို့ ၀င်ထွက်ခွင့်များ ပိတ်ပင်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက သံဃာတော်အချို.နှင့် ပြည်နယ်လွှတ်တော်အမတ်များ သွားရောက်ခွင့်ရခဲ့သည်။
“ ကျေးရွာက လူထုတွေက အပြင်ထွက်လို့မရဘူး ဝင်လို့မရဘူးဆိုတော့ သူတို့အတွက် စားရေးသောက်ရေး အခက်အခဲတွေ ရှိတယ် ” ဟု ယမန်နေ့က ယင်းရွာအတွင်း သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် မြောက်ဦးအမတ် ဦးထွန်းသာစိန်က ပြောသည်။
ရွာသားများကို လွတ်လပ်စွာသွားလာခွင့် ပြုထားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မေလ ၆ရက်က ပြောကြားထားသည်။
စတင်စစ်ဆေးစဉ်ကသာ ရွာသားများ၏ ရွာပြင်ထွက်ခွင့်ကို ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့် ယခု ထိုကဲ့သို့ ပိတ်ပင်ခြင်း မရှိတော့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။
“ အစကတည်းက အပြစ်မရှိတဲ့သူတွေဆိုရင် ဟိုမသွားရဘူး ဒီမသွားရဘူးဆိုပြီး ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့လည်း သွားနေကြတာပဲ ” ဟု ၎င်းက ပြောသည်။
ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရသေ့တောင်အမတ် ဦးဦးသန်းနိုင်က “သံသယဖြင့် ဖမ်းဆီးလိုသူများအား သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖမ်းဆီးစစ်ဆေးသည့်အခါ ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီသာ ဖမ်းဆီးစစ်ဆေးသင့်ကြောင်း ပြည်နယ်အစိုးရမှ သက်ဆိုင်ရာအဖွဲ့အစည်းများကို အမြန်ဆုံးညွှန်ကြားပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။ ၄င်းအဆိုကို လွှတ်တော်အမတ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
တပ်မတော်အနေဖြင့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သော်လည်း AA နှင့်ပတ်သက်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ ရှိသည့်အတွက် ၁၉၅၆ ပြည်ထောင်စု မြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်ရေးအထူးစီမံချက်)အက်ဥပဒေ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများနှင့် ကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူက ပြန်လည်ဖြေရှင်းဆွေးနွေးသည်။
၁၉၅၆ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံကာကွယ်ရေး(စစ်ဆင်ရေးအထူးစီမံချက်)အက်ဥပဒေ ပုဒ်မ ၆ (၂)တွင် သံသယရှိသူကို ဖမ်းဆီးသည့်အရာရှိသည် အခွင့်ရ စစ်ဘက်ဆိုင်ရာ အရာရှိထံမှ ခွင့်ပြုချက်မရရှိခင် ၇ ရက် ချုပ်နှောင်ထားနိုင်သလို အခွင့်ရစစ်ဘက်အာဏာပိုင်မှလည်း မသင်္ကာသူကို ၃လအထိ ချုပ်ထားရန် အမိန့်ပေးနိုင်ကြောင်း ၄င်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီကလည်း ကျောက်တန်းရွာအတွင်း အပြစ်မဲ့အရပ်သားများအား မမှန်မကန် စွပ်စွဲအကြောင်းပြကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ကျူးလွန်သူများအား အရေးယူရန်နှင့် ထပ်မံမဖြစ်ပွားစေရေး တားဆီးပေးရန် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံ မေလ ၂ရက်က စာရေးသား တောင်းဆိုထားသည်။