အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၁ပတ်ကျော်ကြာ ပိတ်ဆို့ခံထားရသည့် ကျောက်တန်းရွာသို့ သံဃာအချို့ဝင်ခွင့်ရ

ရက္ခိုင့်တပ်တော် AA တပ်သားများ ပုန်းအောင်းနေကြောင်း သံသယဖြင့် တပ်မတော်က ပိတ်ဆို့ရှာဖွေနေသည့်  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအတွင်းသို့ စစ်တွေမြို့နယ်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်များ ယမန်နေ့က ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရခဲ့ပြီး အပြစ်မဲ့ အရပ်သားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် နှင့် လုံလောက်သော အစားအစာနှင့် ဆေးဝါးကုသမှုများ ပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါရွာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ AA ယာယီလေ့ကျင့်ရေး စခန်းမှ ထွက်ပြေးသွားသူများ ခိုအောင်းနေကြောင်း သံသယဖြင့် တပ်က ပြီးခဲ့သည့်လ ဧပြီ၃၀ကတည်းက ဝင်စီးထားပြီး အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ အမျိုးသား ၂၇၅ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးခံရသူများက မေလ၂ရက် အရုဏ်မတက်ခင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် ကြိုးစားသည်ဟုဆိုကာ ပစ်ခတ်ခဲ့ပြီးနောက် ၆ဦး သေဆုံးသွားပြီး ၈ဦး ဒဏ်ရာရကာ ၄ဦး ပျောက်ဆုံးနေသည်။

ယင်းနောက်တွင် ဖမ်းဆီးခံရသူ တစ်ဝက်ခန့်အား တပ်ဘက်က ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျေးရွာတွင်းဝင်ထွက်ခွင့်ကို ပိတ်ဆို့ထားဆဲဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သီတင်းတစ်ပတ်နီးပါး အကန့်အသတ်ဖြင့်သာ ဝင်ထွက်ခွင့်ရသည့် ယင်းရွာဆီသို့ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့ပြီး အပြစ်မဲ့ရွာသားများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် လုံလောက်သော အစာရေစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရွာအတွင်း တပ်စွဲထားသည့် တပ်မတော်အရာရှိများအား တောင်းဆိုခဲ့သည်ဟု စစ်တွေမြို့နယ်သံဃမဟာနာယက ဒုအတွင်းရေးမှူး ဆရာတော် ဦးစန္ဒာဝရက Myanmar Now ကို မိန့်သည်။

ကျေးရွာအတွင်းတွင် ရေခပ်သည့် အမျိုးသမီးတချို့မှလွဲ၍ ကျန်သည့်ရွာသားများ ရွာအတွင်းသွားလာ လှုပ်ရှားသည်ကို မမြင်တွေ့ရကြောင်း ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းက Myanmar Now ကို ပြောသည်။

“ဆင်းရဲတဲ့သူတွေ၊ တောင်တွေပေါ်မှာ ရှာစားရတဲ့သူတွေ ချောင်းထဲမှာ ငါးရှာစားရတဲ့သူတွေကို အပြင်မထွက်ရဘူးဆိုတော့ ထမင်းငတ်နေကြပြီ” ဟု ၎င်းက ဆိုသည်။

ရွာသားများ Aနှင့်ပတ်သက်မှု ရှိမရှိ စစ်ဆေးမှုကို အမြန်ဆုံး လုပ်ဆောင်နေသလို မေ ၂ ရက်နေ့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ကာ စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

“တရားမဖြစ်မနေစွဲရမယ်သူတွေ ၊ ပြန်လွတ်ရမယ့်သူတွေ ရှိပါလိမ့်မယ်။ အဲဒါတွေရအောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

သို့သော် ကျောက်တန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ၎င်းတို့တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားမှုမရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရ ခိုင်သုခက Myanmar Nowကို ပြောကြားထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီကလည်း ကျောက်တန်းရွာအတွင်း အပြစ်မဲ့အရပ်သားများအား မမှန်မကန် စွပ်စွဲအကြောင်းပြကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ကျူးလွန်သူများအား အရေးယူရန်နှင့် ထပ်မံမဖြစ်ပွားစေရေး တားဆီးပေးရန် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  လူ့အခွင့်အရေးကော်မရှင်တို့ထံ မေလ ၂ရက်က စာရေးသား တောင်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button