
ယနေ့ ၂ နာရီ၊ နေပြည်တော်၌ တပ်မတော်က ကျင်းပသည့် သတင်းစာရှင်းလင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်မဝင်အပါအဝင် စိတ်ဝင်စားဖွယ်ရာ ရှင်းလင်းချက်များကို Myanmar Now က ရွေးချယ် တင်ပြလိုက်ပါသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ သုံးဦးက ရှင်းလင်းခြင်း ဖြစ်သည်။
၁။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်မှာလား
ထိုသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ပြိုင်မည်လားဟု မေးမြန်းသည့်အပေါ် သတင်းစာရှင်းလင်းသူ တပ်မတော်အရာရှိမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၃၆၉ ဃ ပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် တင်သွင်းခွင့်ရှိကြောင်းနှင့် လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံနိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
၂။ တပ်မတော်က ပြည်သူများ၊ မီဒီယာများကို တရားစွဲနေသည့်ကိစ္စ
နိုင်ငံသားများအကျိုးဆောင်ရွက်နေသည့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းရန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အထင်အမြင်မှားအောင် ဆောင်ရွက်သည့် ကိစ္စများတွင် တပ်မတော်က နစ်နာသည်ဟု ယူဆသည့် မည်သူ မဆို နီးစပ်ရာ တရားဥပဒေ စိုးမိုးရေးဌာနများဖြစ်သည့် ရဲစခန်းတွင် တိုင်တန်းနိုင်သလို တရားရုံးများတွင် လျှောက်ထားနိုင်ကြောင်း သတင်းစာရှင်းလင်းသူများက ပြောကြားခဲ့သည်။ တရားသူကြီးက လက်ခံဆုံးဖြတ်ရန် လိုအပ်ကြောင်း ယူဆပါက လက်ခံလိမ့်မည် ဖြစ်ပြီး တရားစီရင်ရေးပိုင်းတွင် တပ်မတော်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု ဆိုသည်။ တရားသူကြီးက ဆင်ခြင်တုံတရားနှင့် အမှုစီရင်ဆုံး ဖြတ်မည်ဟု ဆိုသည်။
၃။ ပြင်ဦးလွင်မှာ တပ်က ခြံခတ်သည့် ကိစ္စ
တပ်မတော်က နို့စားမွေးမြူရေးဆောင်ရွက်ရန် မြင်းမူခရိုင် ဇီးပင်ကြီးမြို့နယ် ထုံးဖိုကြီးနေရာရှိ ဧက ၁၃၂.၈၂ ကျယ်ဝန်းသော မြေကို ထောက်ပံ့နှင့် သယ်ယူပို့ဆောင်ရေးတပ်ရင်းက ခြံစည်းရိုးခတ်ရာတွင်လည်း တောင်သူဆိုသူများမှ ဆန္ဒပြကာ ကိုယ်ထိလက်ရောက် ပြုမူဆောင်ရွက်ခြင်းများ ရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ တကယ်တမ်းတွင် အဆိုပါမြေ၌ ကျူးကျော်နေထိုင်သူများသာ ရှိပြီး ပြဿနာဖြစ်အောင် မြှောက်ပင့်ပေးးနေသည့် မြေပွဲစားများနှင့် လက်ညှိုးထိုးရောင်းစားနေသူများပါဝင်ကြောင်း ဆိုသည်။ ပိုင်ဆိုင်မှုများကို တရားဝင်စိစစ်ရာတွင် မဟုတ်ကြောင်းတွေ့ရသဖြင့် ကိုယ်ထိလက်ရောက်ဆောင်ရွက်သူများအပါအဝင် မမှန်မကန်စွပ်စွဲသူများကို တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြောသည်။
ယင်းမြေများကို တပ်မတော်က ပိုင်သည်ဟုဆိုကာ ၂၀၁၂ခုနှစ်မှစ၍ တောင်သူများခတ်ထားသည့် ခြံစည်းရိုးများကို မြေကြီးတူးသည့်ယာဉ်များနှင့် အကြိမ်ကြိမ်လာရောက်ဖျက်ဆီးသဖြင့် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများကို တွေ့ဆုံတိုင်ကြားထားသော်လည်း ဧပြီလ ၂၉ ရက်တွင် ခြံစည်းရိုးလာခတ်ခြင်းခံရကြောင်း ဒေသခံတောင်သူများက Myanmar Now ကို ပြောကြားထားသည်။
တပ်၏ သတင်းစာရှင်းလင်းပွဲတွင်မူ ၁၉၉၃ ခုနစ်ကတည်းက ၎င်းတို့ ပိုင်ဆိုင်ကြောင်း ဆိုသည်။
၄။ ရခိုင်ပြည်နယ်အတွက် မှတ်ချက်
လတ်တလော ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ ဖြစ်ပေါ်နေသည့် အရပ်သားများဖမ်းဆီးခံရမှု၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး တပ်မတော်က အဓိကထားဖြေရှင်းသွားသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားသည့် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ဖမ်းဆီးစစ်ဆေးမှုများ၊ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး အဆိုပါရွာသားများထဲတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များပါဝင်ကြောင်းနှင့် ဧပြီလအတွင်းက မြောက်ဦးမြို့နယ် ရဲတပ်ရင်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်များတွင် ဖမ်းဆီးခံရသည့် လက္ကာရွာသား ၂၇ အယောက်၏ အကြောင်းကိုလည်း ရှင်းလင်းသွားသည်။ တပ်မတော်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲများတွင် အသုံးပြုနေကျစကားလုံးဖြစ်သော ရခိုင်ဒေသမှာ အဖြူရောင်ဒေသဖြစ်သည်ဆိုသည့် စကားကို ထပ်မံသုံးစွဲသွားပြီး ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွက် ရက္ခိုင့်တပ်တော် AA ကို အပြစ်တင်သည်။ ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအရေအတွက်များနှင့် နေရာများကို ထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ လုံးဝစိတ်ချရသည့် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုသည်။