သတင်း

ကာလုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီ ဆွေးနွေး

တစ်လကြာ ရပ်နားထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက ပြန်လည်စတင်ခဲ့ပြီး အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅)ကို ဆွေးနွေးခဲ့ကြသည်။

ယနေ့ ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီး အစည်းအဝေ တက်ရောက်သည့် ဦးအောင်ကျော်ဇံက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို ဖျက်သိမ်းပေးရန် တင်ပြခဲ့သည်ဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ကောင်စီဟူ၍ သီးခြားမထားတော့ဘဲ သမ္မတ၏လုပ်ပိုင်ခွင့်အရ သင့်တော်သည့်ဋ္ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် တင်ပြထားကြောင်း အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ဦးအောင်ကျော်ဇံသည် ပြီးခဲ့သည့်လက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီတွင် အခြေခံဥပဒေ အခန်း(၄) ဥပဒေပြုရေး အခန်းကို ဆွေးနွေးစဉ်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လုံးဝ မထားရှိရန် တင်ပြခဲ့ဖူးသည်။

ကာလုံ ကောင်စီ

အဖွဲ့ဝင် ၁၁ ဦးပါ ကာလုံကောင်စီသည် ၂၀၀၈ အခြေခံဥပဒေတွင် အာဏာကြီးသော အဖွဲ့ဖြစ်သည်။

ထို ၁၁ ဦးမှာ သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော်နှစ်ရပ်၏  ဥက္ကဋ္ဌ နှစ်ဦး၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ တပ်ချုပ်၊ ဒုတပ်ချုပ်တို့ ဖြစ်သည်။

ဒုသမ္မတ တစ်ဦး၊ လုံခြုံရေးဆိုင်ရာ ဝန်ကြီး သုံးဦးတို့သည် တပ်က ရွေးချယ်စေလွှတ်သူများ ဖြစ်ရာ ကာလုံတွင် တပ်ဘက်က အင်အား အသာရနေသည်ဟု သုံးသပ်သူ အများအပြား ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးရာထူး ရယူထားခြင်းမှာ ကာလုံတွင် ပါဝင်နိုင်ရေးအတွက် ဖြစ်မည်ဟု အများက ယူဆထားသည်။

ပူးပေါင်းကော်မတီ

ကာလုံ ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး တက်ရောက်သူ အများအပြားက စာနယ်ဇင်းများ၏ မေးခွန်းကို  လိုလိုလားလား ဖြေကြားခြင်း မရှိပေ။

ကော်မတီတွင် တပ်မတော်သား အမတ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ် ၂ ဦး ပါဝင်သော်လည်း ၎င်းတို့က ဝင်ရောက် ဆွေးနွေးခြင်း မရှိသေးကြောင်း ကော်မတီဝင်များက ပြောသည်။

ထိုကော်မတီတွင် NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အတွင်းရေးမှူး၊  လူသိများသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဘဝမှ လွှတ်တော်အတွင်း ရောက်သွားသည့် ဦးဌေးဝင်းအောင် ခေါ် ဦးပြုံးချိုက  တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ပူးပေါင်းကော်မတီက လေ့လာစိစစ်သည့် ပြင်ဆင်ချက် ဇယားများပါဝင်သည့် စာရွက်များကို ကော်မတီတွင်ပါဝင်သည့် ကိုယ်စားလှယ်များထံ ဝေငှထားပြီး ထိုစာရွက်များတွင် ပြင်ဆင်ရန် အကြံပြုချက်၊ ကျိုးကြောင်း ဖော်ပြချက်များ ဇယားများတွင် ပုဒ်မအလိုက် ပယ်ဖျက်ခြင်း၊ ဖြုတ်ချခြင်းများကို ပြုလုပ်ရသည်။

အခြေခံဥပဒေပြင်ဆင်ခြင်း အခန်း(၁၂) ပုဒ်မ ၄၃၃ (က)(ခ) အရ  ပြင်လိုပါက အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေ မူကြမ်းအဖြစ် တင်သွင်းရမည်ဟု ဖော်ပြထားသည်။

အာဏာရပါတီ၏ အစီအစဉ်ဖြင့် ပူးပေါင်းကော်မတီ ပေါ်ပေါက်လာသော်လည်း ဤခြေလှမ်းသည် လာမည့်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းသက်သက်သာ ဖြစ်သည်ဟု ဝေဖန်ချက်တချို့လည်း ရှိနေသည်။

Show More

Related Articles

Back to top button