
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့က တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုအတွင်း တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
အမှုမှာ ကန်စောက်ရဲစခန်းတွင် ပေါ်ပေါက်ခဲ့သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
“အတည်ပြုလို့တော့ ရပါတယ်။ ဧပြီ ၂ ရက်နေ့ နေ့လယ်လောက်မှာ ဖြစ်တာပါ။ ကိုယ့်အချင်းချင်း ဖြစ်တာလို့ပဲ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
ကန်စောက်စခန်းတွင် ပူးတွဲတာဝန်ယူနေသော စခန်းမှူး မောင်မောင်လေး သေဆုံးကြောင်း၊ ဒဏ်ရာ အပြင်းအထန် ရသွားသူ တပ်ကြပ်ကြီး ထွန်းမင်းကို စစ်တွေ ဆေးရုံသို့ ပို့ထားကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်သည့် ဂတ်စာရေး ကျော်အေးစိန် ဆိုသူကို ကျောက်တော်အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ကျောက်တော်မြို့နယ် ရဲစခန်းမှူးတို့ထံမှ မှတ်ချက် ရယူရန်အတွက် ၎င်းတို့နှင့် တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။