
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကာဒီချောင်းအတွင်း စက်လှေဖြင့် သွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ရက္ခိုင့်တပ်မတော် AA မှတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ရသေ့တောင်မြို့နယ် အုတ်ဖိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် စက်လှေဖြင့် ညောင်ချောင်းနယ်မြေရုံးသို့ ထွက်ခွာလာစဉ် အခြားစက်လှေတစ်စီးဖြင့် ရောက်ရှိလာသည့် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စက်လှေနှင့်ပါ ဝင်တိုက်သည့်အတွက် စက်လှေနစ်မြုပ်ခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်ကရေးသားထားသည်။
ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကာ ချောင်းအတွင်း မျောပါသွားပြီး လက်နက်ငယ် ၃ လက်လည်း စက်လှေနှင့်အတူ ပျောက်ဆုံးခဲ့ရသည်ဟုဆိုသည်။
မေယုမြစ်နှင့် ကာဒီချောင်းဆုံရာတွင်ဖြစ်ပွားသည့် အဆိုပါတိုက်ခိုက်မှုတွင် သေနတ်သံများကို ရွာအတွင်းမှပါ ကြားရကြောင်း ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်းက ပြောသည်။
“ ပထမကတော့မြစ်ထဲကနေ သုံးလေးချက်လောက်ကြားပါတယ်။ကြားပြီး နောက် ၅မိနစ်လောက်နေတော့ စခန်းကလည်း ပြန်ပစ်တာပါ ” ဟု ၎င်းကဆိုသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး AA ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် မြေပြင်သတင်းများရောက်မလာသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်းပြောသည်။
နှစ်ဖက်တိုက်ခိုက်မှုများကြောင့် ညောင်ချောင်းကျေးရွာအစွန်ရှိ နေအိမ်တချို့ကို ကျည်ဆန်များလာရောက်ထိမှန်သောကြောင့် ရွာအစွန်မှကျေးရွာသားများ ရွာအတွင်းသို့ထွက်ပြေးရကြောင်း ညောင်ချောင်းကျေးရွာသားတစ်ဦးက ယမန်နေ့ ညပိုင်းက ပြောသည်။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရခြင်းမှာ ဇန်နဝါရီ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို AA တပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ခြင်းကစတင်သည်။
မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့သည်။
အစိုးရ၏ ဖိနှိပ်ရေးယန္တရားတွင်ပါဝင်နေသည့် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်သွားမည်ဟု AA ပြောခွင့်ရ ခိုင်သုခက မတ်လ ၁ ရက်နေ့က ပြောခဲ့သည်။