အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရခိုင်ဒေသ ဒီရေတော (ဓာတ်ပုံအက်ဆေး)

ဂွ၊ ကျိန္တလီ –ဒီရေတောတွေရဲ့ တန်ဖိုးကို ပင်လယ်ကမ်းခြေ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီးချိန်မှာ ပိုပြီးတော့ လူပြောများပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာတော့ တန်ဖိုးကြီး အသုံးဝင်လှတဲ့ ဒီရေတောကို ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ တွေ့ခဲ့ရပါတယ်။

ဂွမြို့နယ်၊ ကံငူကျေးရွာအနီး ကျွန်းပေါ်က ဒီရေပင်များကြားမှာ တွေ့ရတဲ့ ဒီရေတော ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦး။

ဒီရေကျချိန်မှာ ခုံးချော၊ ခုံးသွားကျဲတွေကို ကောက်ယူနေတဲ့ ကျိန္တလီမြို့ ဒေသခံများ။ ဒေသဈေးကွက်မှာ အခွံချွတ်ပြီးသား ခုံးကောင်တွေက တပိဿာ ၇ ထောင် ပေါက်ဈေးရှိပါတယ်။

ဒီရေတောအတွင်း ဓနိကိုင်းတွေ ခုတ်ယူနေတဲ့ ကျိန္တလီဒေသခံတဦး။ ဓနိကို အမိုးအကာအဖြစ် အသုံးပြုတဲ့နေအိမ်တွေ ကျေးလက်ဒေသမှာ အများအပြားရှိနေတာကြောင့် ဓနိပင်တွေက ကျေးလက်ဒေသအတွက် တန်ဖိုးရှိလှပါတယ်။

၂၀၁၂ ခုနှစ်က အပြောင်ရှင်းခံလိုက်ရတဲ့ ကျွန်းခုံတွေကို ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအသင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းတွေကြောင့် ဒီရေပင်တွေ ပြန်လည် ထူထပ်စ ပြုလာပါပြီ။

ဧရာဝတီတိုင်းဒေသကြီးဘက်ကနေ လှေနဲ့ ရောက်လာကြပြီး ကျိန္တလီမှာ စီးပွားဖြစ် မီးသွေးဖုတ်၊ ထင်းခုတ်ကြသူတွေ ရှိပါတယ်။ သူတို့ ခုတ်လှဲသွားခဲ့တဲ့ ဒီရေပင်ငုတ်တိုတွေကို နေရာအများအပြားမှာ တွေ့ရပါတယ်။

မီးသွေးဖုတ်သမားတွေ၊ ထင်းခုတ်သမားတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ ကျိန္တလီက သက်တမ်းရင့် ဒီရေပင်ကြီး။

ကျိန္တလီမှာ တွေ့ရတဲ့ ဒီရေပင်ကြီးက လူကြီး ၂ ဦး ဖက်စာမက လုံးပတ်ကြီးမားပါတယ်။ အရှေ့တောင်အာရှမှာ ဒီလိုဒီရေပင်ကြီးမျိုးဟာ ရခိုင်ကမ်းရိုးတန်းမှာသာ ကျန်ရှိတော့တယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအသင်းနဲ့ တွဲဖက်အလုပ်လုပ်ကိုင်ဖူးတဲ့ နိုင်ငံတကာ ဒီရေတောပညာရှင်တွေက မှတ်ချက်ပြုကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဒီရေတောပြုန်းတီးမှုနှုန်း ကြီးမားတာကြောင့် ငါးရှားပါးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရေပင် ပြန်လည်စိုက်ပျိုးရှင်သန်လာတဲ့ ဒီနေ့ကာလမှာ ငါးဖမ်းဆီးရရှိမှု တိုးတက်လာတယ်လို့ ဒီရေတောကို အမှီပြုနေတဲ့ တံငါးသည်တချို့က မှတ်ချက်ပြုကြပါတယ်။ ဒီရေတောဟာ ဒေသခံများအတွက် အရေးပါတဲ့ ငါး၊ ပုဇွန်၊ ကဏန်း၊ ခုံး၊ ခရု စတဲ့ ရေထွက်ကုန်တွေ ရှိတတ်တဲ့နေရာဖြစ်သလို လောင်စာထင်း၊ အိမ်ဆောက်ဖို့သစ်၊ ဓနိတို့ကိုလည်း ဖန်တီးပေးပါတယ်။

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်းမှာ ပေါက်ရောက်နေတဲ့ လဘပင်ကြီးဟာ ကမ္ဘာမှာ လုံးပတ်အကြီးဆုံး လဘပင်ကြီးအဖြစ် သတ်မှတ်ရတော့မယ်လို့ ဒီရေတောပညာရှင်တွေက ပြောပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်အလွန်မှာ ကမ္ဘာကြီးအတွင်း သစ်တောတွေ၊ ဒီရေတောတွေကနေ ကာဗွန်ထိန်းသိမ်းနိုင်စွမ်း ပမာဏ အလိုက် ကာဗွန်ထုတ်လွှတ်မှု ကြီးမားတဲ့နိုင်ငံတွေကနေ ကာဗွန်ထိန်းသိမ်းမှု ကြီးမားတဲ့နိုင်ငံတွေကို လျော်ကြေးငွေပေးလာဖို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခြေအနေကလည်း အားကောင်းလာတဲ့အတွက် သစ်တော၊ ဒီရေတော ထိန်းသိမ်းနိုင်မှုဟာ ကိုယ့်နိုင်ငံအတွက် မျှော်လင့်လို့ရမယ့် အနေအထားမျိုး ရှိလာတယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောတွေ ပျက်စီး ပြုန်းတီးမှုတွေ အလွန်ကြီးမားနေချိန်မှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ သံတွဲမြို့နယ်တို့မှာသာ ဒီရေတောပမာဏ အများဆုံးကျန်ရှိတော့တယ်လို့လည်း ဒီရေတော့ကာကွယ်ထိန်းသိမ်းရေးအဖွဲ့တချို့က မှတ်ချက်ပြုထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button