ရန်ကုန် – ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၁၂ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရန် နီးစပ်နေပြီဖြစ်သည်။ အပြောင်းအလဲများလုပ်ဆောင်မည်ဟု NLD က ၂ လ ကြာ မဲဆွယ်ရာတွင် ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ရန် ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ သဘောထားပေးလိုက်ခြင်းလည်း ဖြစ်သည်။
ကော်မရှင်က မဲရလဒ်များကို အပိုင်းလိုက်ခွဲပြီး ထုတ်ပြန်ခဲ့ရာ နောက်ဆုံးထုတ်ပြန်ချက်အရ NLD သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ၂၉၁ နေရာ ရရှိထားသည်။
နောက်ထပ် ၅၆ နေရာ ထပ်ရပါက ဖေဖော်ဝါရီတွင် အစပြုမည့် လွှတ်တော်သစ်တွင် သုံးပုံနှစ်ပုံ နေရာရကာ အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး ကိုယ့်စိတ်ကြိုက် သမ္မတတစ်ဦးကိုလည်း ရွေးချယ်တင်မြှောက်နိုင်မည်ဖြစ်သည်။
NLD က အင်္ဂါနေ့တွင် Myanmar Now သို့ ပြောကြားစဉ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးအတွက် ၈၂ ရာခိုင်နှုန်း အနိုင်ရနေသည် ဆိုသောကြောင့် ၃၃ နေရာသာ ရရှိထားသည့် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထက် အပြတ်အသတ် သာနေသည်။
NLD က အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု ယူဆထားကြသည့် တိုင်းရင်းသားပါတီ အများစုမှာ NLD ၏ ရေပန်းစားမှုကို မကျော်နိုင်ခဲ့ပေ။
ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်အတွင်း ရောက်နေသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကြောင့် NLD က မဲအပြတ်အသတ် အနိုင်ရရှိရန် လိုအပ်ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို ကမ်းလှမ်းခဲ့သည်။ ထိုသုံးယောက်စလုံးက တွေ့ဆုံမှုအတွက် လက်ခံထားသည်။
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလက်ခံကြမည် ဆိုပါက မြန်မာပြည်သူတို့သည် မိမိတို့ လိုလားသည့် အစိုးရတစ်ရပ်ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရွေးချယ် တင်မြှောက်နိုင်သည့် အခြေအနေ ပေါ်ပေါက်လာမည် ဖြစ်သည်။
သို့သော်လည်း တပ်မတော်က လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်း၊ အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ကို ချုပ်ကိုင်ထားမည် ဖြစ်သောကြောင့် သြဇာဆက်ရှိနေဦးမည်ဖြစ်သည်။
သားနှစ်ဦး နိုင်ငံခြားသားဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် မရှိသေးပါ။ နိုင်ငံရေးအကျဉ်းသားဘဝဖြင့်နေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်တွင်နေပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ကြေညာထားသည်။