
ရန်ကုန် − အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် သူ၏ပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့အနေဖြင့် ထိပ်ဆုံးအကြီးအကဲရာထူး မရနိုင်သော်လည်း “သမ္မတအထက်မှ” ပဲ့ကိုင်မည်ဟု နိုဝင်ဘာ ၅ ရက်နေ့တွင် ပြောလိုက်သည်။
သမိုင်းတွင်မည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သာ အနိုင်ရခဲ့လျှင် “အရေးကြီးသော ဆုံးဖြတ်ချက်အားလုံး” ကို သူကိုယ်တိုင်ချမည်ဟု ပြောသည်။
သူ၏သားများ နိုင်ငံခြားသား ခံယူထားသောကြောင့် နိုင်ငံ၏ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မဖြစ်နိုင်ပါ။
“ကျွန်မက သမ္မတအထက်က နေမှာပါ။ ဒါ ရိုးရိုးရှင်းရှင်းစကားပါပဲ” ဟု ၁၅ နှစ်ကြာ အကျယ်ချုပ်ကျစဉ် သူနေထိုင်ခဲ့သော ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ နေအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။
“NLD ကို ကိုယ်စားပြုပြီး သမ္မတလုပ်ဖို့ အသင့်ပြင်ဆင်ထားသူ ကျွန်မတို့ဆီမှာ ရှိပါတယ်။ ဒါပေမယ့် အစိုးရနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များအားလုံးကို ချမှတ်သွားမှာပါ” ဟု ထပ်၍ ဆိုသည်။
လတ်တလော ရွေးကောက်ပွဲလုပ်ငန်းများသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်စဉ်များထက် လျော့နည်းနေကြောင်း၊ ကြိုတင်မဲကိစ္စများနှင့် မဲစာရင်းများ၌ ပုံမှန်မဟုတ်ခြင်းများကို ထောက်ပြ၍ ပြောသည်။
ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပတ်သက်ဆက်နွှယ်နေသော အရာရှိတချို့က မသမာမှုများ ပြုလုပ်နေကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမျှတရမည်ဟူသော တာဝန်ဝတ္တရားကို ပျက်ကွက်ကြောင်း ထပ်၍ ပြောသည်။
“သြဇာရှိသူများနဲ့ USDP နဲ့ ဆက်နွှယ်နေသူများဟာ ရွေးကောက်ပွဲကို နိုင်ဖို့အတွက် ဘယ်အတိုင်းအတာအထိ လုပ်မလဲဆိုတာကို စိုးရိမ်ပါတယ်” ဟုဆိုသည်။
“ကြိုတင်မဲတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းတွေနဲ့ မညီဘဲ ဘယ်လိုတရားမဝင်လုပ်နေသလဲဆိုတာ ကျွန်မတို့ သတင်းတွေ ရပြီးနေပါပြီ” ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲတွင် NLD ရလဒ်ကောင်းကာ အစိုးရဖွဲ့နိုင်မည်ဟု သုံးသပ်ချက်များ ထွက်နေပါသည်။ ဤသည်မှာ ၂ဝ၁၁ မှ အရပ်သားတစ်ပိုင်းအစိုးရက စတင်ခဲ့သော၊ နှစ် ၅ဝ နီးပါး စစ်အစိုးရ အုပ်ချုပ်မှု အဆုံးသတ်ကာ ဒီမိုကရေစီလမ်းကြောင်းသို့ သွားမည့်အပြောင်းအလဲ၏ အရေးကြီးသောရလဒ်ပင် ဖြစ်ပါမည်။
သူ၏နိုင်ငံရေးအတိုက်အခံများကိုလည်း ညှိနှိုင်းလိုကြောင်း စကားကမ်းလှမ်းကာ အမျိုးသားရင်ကြားစေ့ရေးအစိုးရကို ဖွဲ့လိုသည်ဟု ဆိုပါသည်။
“အကယ်၍သာ NLD က အပြတ်အသတ်နိုင်ခဲ့တယ်ဆိုရင် − နိုင်ပါစေလို့လည်း ကျွန်မ မျှော်လင့်ပါတယ်… ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့ သာဓကဖြစ်အောင်လို့ အမျိုးသားရင်ကြားစေ့ရေးအစိုးရ ဖွဲ့ချင်ပါတယ်။ နိုင်တဲ့လူတွေက အကုန်ယူပြီးတော့ ရှုံးတဲ့လူတွေက ဘာမှမရလိုက်တဲ့ သုညရလဒ်မျိုး မဖြစ်သင့်ပါဘူး” ဟု ပြောပါသည်။
ရခိုင်ပြည်နယ်တွင်နေသော၊ နှိပ်စက်ညှဉ်းပန်းခံရသည်ဟုဆိုသော လူနည်းစု ရိုဟင်ဂျာမွတ်စလင်များဘက်မှ မပြောခဲ့ဟူသော ဝေဖန်မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဟန့်တားပြောဆိုခဲ့သည်။ ဤကိစ္စကို ချဲ့ကားမပြောသင့်ကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးသည် ရွေးကောက်ပွဲမတိုင်မီ အရေးကြီးသော အခြေအနေတွင် ရောက်နေကြောင်း သူက ပြောသည်။
အကယ်၍သာ သူ၏ပါတီ အာဏာရပါက “လူတိုင်းဟာ ဥပဒေအရ၊ လူ့အခွင့်အရေး စံနှုန်းတွေအရ အကာအကွယ်ရမယ်လို့ ကျွန်မ အားလုံးကို ကတိပေးပါတယ်” ဟု ဆိုသည်။