မေးမြန်းခန်း

“ပြည်သူက ပွင့်လင်းမြင်သာစွာ အရာရာကို သိနေရမယ်”

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်သန္တာသည် ၂ဝ၁၄ တွင် ခင်ပွန်းသည် လူမသိသူမသိ ကွယ်လွန်သည့် ဖြစ်ရပ်နှင့် ကြုံခဲ့ရသည်။ ကိုပါကြီးဟု လူသိများသည့် ခင်ပွန်းသည် အလွတ်သတင်းထောက်မှာ စစ်တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် ပစ်သတ်ခံရကြောင်း ကာလအတန်ကြာမှ သိခဲ့ရသည်။

ပြည်သူ့လွှတ်တော် ပြန်လည်စတင်သည့် တနင်္လာနေ့တွင် ဒေါ်သန္တာသည် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်သို့ ရောက်လာသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ဇာတိမြေ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ၊ ရင်းနှီးဖော်ရွေပြီး ပွင့်ပွင့်လင်းလင်းရှိသူ ဒေါ်သန္တာက Myanmar Now က ထက်ခေါင်လင်း၊ သင်းလဲ့ဝင်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် သူ၏ မျှော်လင့်ချက်၊ စိုးရိမ်မှု၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုတို့အကြောင်း ပြောပြခဲ့သည်။

မေး – ၂ဝ၁၅ ရွေးကောက်ပွဲက တက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီး ပါဝင်လာတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ – အရင်တုန်းက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာထက်စာရင် အများကြီးမြင့်တက်လာတာပေါ့။ ဒါပေမယ့် ဒီရာခိုင်နှုန်းက နည်းပါသေးတယ်။ မြန်မာနိုင်ငံမှာက အမျိုးသမီးဦးရေက များတယ်။ အဲဒီလိုဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ ၁၃ ရာခိုင်နှုန်းပဲ ပါလာရတာလဲ၊ ဘာလို့နည်းနေသေးတာလဲဆိုတာက လေ့လာဆန်းစစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပဲ။ ဒီထက်ပိုလာဖို့ ကြိုးစားဖို့လိုတယ်။ ကျွန်မတို့ အမျိုးသမီးကိုယ်စားလှယ်တွေ တွေ့တဲ့အခါတိုင်းလည်း ဒီလိုကြိုးစားကြရမယ့်အကြောင်း ပြောဖြစ်ကြတယ်။

မေး – မြန်မာအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုက မိသားစုအနေအထား၊ စီးပွားရေးအခြေအနေတွေနဲ့ ဘယ်လောက် သက်ဆိုင်သလဲ။

ဖြေ – စီးပွားရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်သလို ယဉ်ကျေးမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်တယ်။ ကျွန်မတို့နိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာက သိပ်မကွဲဘူး။ ယဉ်ကျေးမှုဆိုတာက တကယ့်ကို ကျွန်မတို့ထိန်းသိမ်းရမယ့်အရာတွေ။ ထုံးတမ်းစဉ်လာက ခေတ်မမီတော့ရင် ပယ်ရမယ့်အရာ။ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်မှာပါရင် လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံရတယ်၊ အချိန်တိုင်းသွားလာရတယ်၊ အဲဒီအပေါ်မှာ နားမလည်တဲ့မိသားစုတွေ အများကြီးရှိသေးတယ်၊ ပညာတတ်မိသားစုတွေကြားမှာလည်း ရှိနေတယ်။ အဲဒီဟာကို မကျော်လွှားနိုင်သရွေ့ အမျိုးသမီးတွေ ပါဝင်မှု နည်းနေမှာပဲ။ အမျိုးသမီးတွေဟာ အိမ်ရှင်မဖြစ်ရမယ်၊ အိမ်ထဲမှာနေရမယ်ဆိုတဲ့ မူတွေ လျှော့ချနိုင်တာနဲ့အမျှ စီးပွားရေးထဲမှာရော နိုင်ငံရေး၊ လူမှုရေးတွေထဲမှာ ပါလာလိမ့်မယ်။

မေး – ပွဲတွေ၊ အခမ်းအနားတွေရဲ့ အကြီးအကဲလုပ်တဲ့ခုံမှာ အမျိုးသားတွေသာ ကြီးစိုးနေပေမယ့် တနင်္လာနေ့က ပြည်သူ့လွှတ်တော် ပြန်ပြီး စတင်ရာမှာတော့ သဘာပတိဟာ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – ကျေနပ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာလို့ ပြောတဲ့နေရာကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင်လို့ ပြောလိုက်တာကိုက ကျွန်မတို့စိတ်ကို သိပ်ကျေနပ်စေတယ်။ သဘာပတိဆိုတာ ဒီအစည်းအဝေး တစ်ခုလုံးကို ထိန်းကျောင်းသွားတဲ့သူ။ မမျှော်လင့်ထားတာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့ အခွင့်အာဏာ သူ့ဆီမှာ အပြည့်ရှိတယ်၊ ဒါကို အမျိုးသမီးတစ်ယောက်က လုပ်နိုင်တာ။ မိန်းမဆိုတဲ့သဘာဝက စေ့စပ်တယ်၊ ယောက်ျားတွေမှာ အားသာတာရှိသလို မိန်းမတွေမှာ အားသာတာလည်းရှိတယ်၊ ဒီနှစ်မျိုး ပေါင်းလုပ်ရင် အရမ်းကိုပြည့်စုံမှာ။ ယောက်ျားတွေဟာ ရည်မှန်းချက်ကြီးကြီးနဲ့ ဆုံးဖြတ်ချက်ကြီးကြီးကို ချတတ်ပေမဲ့ မိန်းမတွေက ဆုံးဖြတ်ချက်သေးသေးတွေကို စေ့စေ့စပ်စပ်နဲ့ စုပေါင်းပြီးလုပ်တတ်တယ်။ နောက်ဖေးမီးဖိုဆောင်မှာ ကြက်သွန်တစ်တက်ကအစ မကုန်အောင် လုပ်တတ်တဲ့အတွက် မြန်မာနိုင်ငံမှာ အလဟဿဆုံးရှုံးနေတဲ့ ဘဏ္ဍာ၊ အမျိုးသမီးတွေသာ အဲဒီလိုနေရာမျိုးမှာပါရင် တော်တော် စေ့စေ့စပ်စပ် လုပ်နိုင်မယ်။ သဘာဝကို အသုံးချတတ်ဖို့ပြောတာပါ။

မေး – ၂ဝ၁ဝ ရွေးကောက်ပွဲထက် စာရင် ၂ဝ၁၅ မှာ ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ခံရသူ ပိုမို များပြားလာတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ – ဒီမိုကရေစီ ရောင်နီဦးပြီလို့တော့ ပြောလို့ရတယ်၊ အလင်းရောင်ဖြာကျနေတဲ့အဆင့်တော့ မဟုတ်သေးဘူး။ ပြည်သူတွေရဲ့ အိပ်မက်တွေက သိပ်များနေပြီး အဲဒီအိပ်မက်ကြီးကို မြန်မြန်ဆန်ဆန်မရလို့ စိတ်မကျေနပ်ဖြစ်လာကြမှာကိုတော့ စိုးရိမ်တယ်။ ပြည်သူကိုအရင်ချပြမယ်၊ ပြည်သူ့စကားသံကို ပြန်နားထောင်ရမယ်၊ အဲဒီကမှ လွှတ်တော်မှာ ပြန်တင်ပြ ဆွေးနွေးမယ်၊ ဆုံးဖြတ်ချက်ယူပြီး ပြန်လုပ်မယ်ဆိုတော့ အရင်ကလို အပေါ်ကအောက်ကို တိုက်ရိုက်ဆင်းသွားသလို အာဏာနဲ့လုပ်သလောက်တော့ မမြန်ဆန်ဘူး။ ဒါပေမယ့် ပြည်သူက ပွင့်လင်းမြင်သာစွာ အရာရာကို သိနေရမယ်။ ဒါကို ပြည်သူနားလည်ဖို့ ကျွန်မတို့ ကြိုးစားရလိမ့်မယ်။ အဲဒီလိုလုပ်ရာမှာ အရမ်းကိုနှေးရကောင်းလားဆိုတဲ့ ပြည်သူ့ဘက်က စောဒကမျိုးဖြစ်လာမှာကိုတော့ စိုးရိမ်တယ်။

မေး – လွှတ်တော်မှာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း အစိုးရဘက်က တင်ပြလာတဲ့ ဥပဒေအများစုကိုပဲ စိစစ်သုံးသပ်ကြတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်တိုင် တင်ပြတဲ့ ပြည်သူတွေ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ ပေါ်ပေါက်ရေးမှာ အားနည်းခဲ့တယ်။ အခုလွှတ်တော်မှာ ပါတီအနေနဲ့ရော၊ ဒေါ်သန္တာ အနေနဲ့ပါ ဘယ်လိုပြင်ဆင်ထားတာတွေ ရှိသလဲ။

ဖြေ – ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းပေါ်မူတည်ပြီးပဲ ပြောရမှာပဲ။ အဲဒါကိုကိုင်ပြီးမဲဆွယ်ခဲ့တာဆိုတော့ အဲဒီထဲမှာပါတဲ့အတိုင်း ကျွန်မတို့က ကတိတည်ရလိမ့်မယ်။ ပြည်သူတွေလိုလားတဲ့၊ ပြည်သူကိုအကျိုးပြုတဲ့ (ဥပဒေ) ဆိုကတည်းက ပြည်သူတွေကို အကျိုးပြု၊ မပြုက ပြည်သူပဲသိတာ။ စားပွဲပေါ်မှာထိုင်နေတဲ့သူတွေက မသိနိုင်ဘူး။

မေး – ပြည်သူ့ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေတွေ များလာဖို့ ပြည်သူတွေကပဲ စရမယ်ဆိုတော့ နှောင့်နှေးမှု ဖြစ်မလာနိုင်ဘူးလား။

ဖြေ – နှောင့်နှေးမှု ဖြစ်နိုင်တယ်၊ ဒါပေမယ့် ပြည့်စုံလိမ့်မယ်။ မြန်ချင်လို့ ဧရာဝတီတိုင်းဘက်က တောင်သူတွေရဲ့အသံပဲယူပြီး လယ်ယာမြေကိစ္စနဲ့ ပတ်သက်တဲ့ ဥပဒေမျိုးလုပ်လိုက်ရင် မကွေးတိုင်းဘက်က တောင်သူတွေရဲ့ အသံကို ဘယ်လိုထားခဲ့မလဲ၊ သူတို့အတွက် နှစ်တို၊ နှစ်ရှည် ချေးငွေတွေကအစ မတူကြဘူး။ အဲဒီလိုလုပ်တဲ့ဟာတွေမှာ အချိန်အတိုင်းအတာတစ်ခု ရှိတာကိုလည်း ပြည်သူတွေအနေနဲ့ သိထားဖို့တော့ လိုတယ်။ တောင်သူလယ်သမားတွေအများစုဟာ ပညာရေးအားနည်းတယ်။ သူတို့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ရှိမှန်းတောင် မသိကြဘူး။

မေး – လွှတ်တော်တွေမှာက NLD ကိုယ်စားလှယ်အများဆုံးဖြစ်လာပြီ။ လာတော့မယ့် အစိုးရကလည်း NLD အစိုးရ။ ဘယ်လို အပြန်အလှန်ထိန်းကျောင်းကြမလဲ။

ဖြေ – ဒီမိုကရေစီအရတော့ မဏ္ဍိုင် ၃ ခုလုံးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းရမှာပါ။ အုပ်ချုပ်ရေးပိုင်းမှာ အရင်ရှိပြီးသား ပညာရှင်တွေ၊ ကျွမ်းကျင်ပြီးသားဝန်ထမ်းတွေ ရှိမယ်။ အဲဒီနေရာမှာ ကျွန်မတို့ကိုယ်စားလှယ်တွေက သွားပြီးထိန်းကျောင်းစရာတောင် လိုလိမ့်မယ်မထင်ဘူး။ နောက်ပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးကို တိုက်ရိုက် ထိန်းကျောင်းလို့မရဘူး၊ တိုက်ရိုက်စကားပြောခွင့်မရှိဘူး။ ကျွန်မတို့ထိန်းကျောင်းရမှာက ဥပဒေအတိုင်း လိုက်နာသလား၊ ဒီဥပဒေက ခေတ်နဲ့လျော်ညီသလား၊ ပြုပြင်ရမှာလား၊ အဲဒီဥပဒေအတိုင်း တရားမျှတစွာလုပ်ရဲ့လားဆိုတာ ကျွန်မတို့ဘက်က စောင့်ကြည့်နိုင်မယ်။ ဒါကိုပြောမယ်ဆိုရင်တောင် ကော်မတီကတစ်ဆင့်ပဲ ပြောနိုင်မယ်။

မေး – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပထအဦးဆုံးအကြိမ် လွှတ်တော်တက်ရတာကို ဘယ်လိုခံစားရလဲ။

ဖြေ – ကျွန်မတို့ ဒီနေ့ ဒီနေရာကိုရောက်လာဖို့က ဒီလမ်းကြောင်းမှာ အတူတူတွဲလျှောက်လာခဲ့ကြပြီး လမ်းခုလတ်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအားလုံးကို သတိရတယ်။ သူတို့ကိုလည်း ကျေးဇူးတင်တယ်။ စိတ်လည်းမကောင်းဘူး။ သူတို့နဲ့အတူ ဒီနေရာကို တွဲပြီးတော့ လျှောက်ချင်ခဲ့တာ။ သူတို့အတွက် ဝမ်းနည်းစိတ်ရော၊ သတိရစိတ်ရောနဲ့ ကျွန်မတို့နောက်ပိုင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအများကြီးရှိနေတဲ့အပေါ်မှာ မူတည်ပြီးတော့ အရမ်းပျော်တာမျိုးတော့ မဖြစ်ဘူး။ ပြည်သူက NLD ကိုပဲ ပေးခဲ့တာ၊ တစ်ဖက်ကို အရမ်းဆန့်ကျင်လိုလို့ပေးတာ။ အဲဒါက ကျွန်မတို့အတွက် သိပ်အန္တရာယ်ရှိတယ်။ ကျွန်မတို့ တာဝန်သိပ်ကြီးနေပြီ။

မေး – အဲဒါဆို ပြည်သူက အပြောင်းအလဲကိုလိုချင်လို့ တခြားရွေးချယ်စရာမရှိတော့ဘဲ NLD ကိုပဲ ပေးခဲ့တဲ့သဘောမျိုးရော မသက်ရောက်ဘူးလား။

ဖြေ – ရွေးချယ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် NLD လောက် လောက်လောက်လားလားရှိတဲ့ ပါတီတော့ သူတို့မှာ မရှိခဲ့လို့ပါ။ NLD ပါတီဟာလည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာကိုး။ ပါတီအလံကို ယုံကြည်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာရယ်ပါ။ ကျွန်မတို့ကိုယ်စားလှယ်တွေကို ယုံကြည်တာမဟုတ်ဘူး။ အဲဒီအတွက် လုပ်ပြရတော့မယ်။ ကျွန်မတို့တစ်ခုခုလုပ်တာနဲ့ မှားသွားရင် ပထမဆုံးထိခိုက်မှာက ပါတီ၊ ဒုတိယထိခိုက်မှာက ဒေါ်အောင်ဆန်းစုကြည်။ အဲဒီအတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းကျောင်းရမယ်။

မေး – လာမယ့် ၅ နှစ်အတွင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာတွေဖြစ်စေချင်လဲ။

ဖြေ – လုပ်စရာတွေက ဘယ်ဟာအရေးကြီးဆုံးလဲလို့ ခေါင်းစဉ်တပ်ရင်တောင်မှ ဝေခွဲဖို့ကခက်နေတယ်။ အားလုံးကအရေးကြီးတဲ့ ခေါင်းစဉ်တွေဖြစ်နေလို့။ လုံခြုံမှုကို မပူပင်ရတော့ဘဲနဲ့ ကောင်းကောင်းအိပ်မယ်၊ မနက်အိပ်ရာထတာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး နိုးထလာနိုင်တဲ့ ဘဝတွေကို တိုင်းရင်းသားဒေသပါ အားလုံးခံစားရတယ်ဆိုရင်၊ ကိုယ့်အခွင့်အရေးတွေ ဘယ်တော့ဆုံးရှုံးရမလဲ ကြောင့်ကြနေရတာမျိုး မရှိတော့ရင် ကျွန်မတင်မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး တာဝန်ကျေတယ်လို့ ယူဆတယ်။ ။

Show More

Related Articles

Back to top button