ရန်ကုန် – သမ္မတသစ်ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးထင်ကျော် ပေးပို့သည့် အစိုးရအဖွဲ့သစ်၏ဝန်ကြီးဌာန ၂၁ ခု အမည်ကို ပြည်ထောင်စုလွှတ်တော်က ကြာသပတေးနေ့တွင် ထုတ်ပြန်ရာ ဌာနအများအပြား ပူးပေါင်းဖွဲ့စည်းမည့်အနေအထားကို တွေ့ရသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင်ရှိသော ဝန်ကြီးဌာန အရေအတွက်ထက် ၁၅ ခု လျော့နည်းသွားခြင်းဖြစ်သည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိသွားပြီးနောက် အစိုးရအဖွဲ့သစ်ကို ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းမည်ဟု ပြောဆိုခဲ့သော NLD က လွှတ်တော်သို့ တင်သွင်းသည့် စာရင်းတွင် သိပ္ပံနှင့်နည်းပညာ၊ သမဝါယမ၊ အားကစားဝန်ကြီးဌာန စသည့် လက်ရှိ ဝန်ကြီးဌာန အမည်များ ပါဝင်ခြင်း မရှိပေ။ ထိုဌာနများကို မည်သည့်ဝန်ကြီးဌာနအောက်တွင် ထားရှိမည်ကိုလည်း မသိရသေးပေ။
ဝန်ကြီးဌာနအရေအတွက် လျှော့ချစဉ် ဝန်ထမ်းများကို ဖြုတ်မည်မဟုတ်ဟု NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလလယ်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သည့်အစိုးရအဖွဲ့များတွင် ပါဝင်ခြင်းမရှိသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအမည်ကိုလည်း စာရင်းတွင် တွေ့ရသည်။ မကြာသေးခင်အတောအတွင်း NLD ရွေးချယ်သည့် ဒုသမ္မတလောင်း၊ နေပြည်တော် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသည့် ထိပ်တန်းရာထူးနေရာတို့အတွက် ကမ်းလှမ်းခံရသည်မှာ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများထဲမှ နိုင်ငံရေးသမားများ ဖြစ်ကြသည်။
အစိုးရအဖွဲ့သစ်အတွင်း အမည်ပြောင်းလဲခြင်းမရှိသည့် ဝန်ကြီးဌာန ၁၂ ခုတွင် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့သူကိုသာ ဝန်ကြီးအဖြစ် ခန့်ထားရမည့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ စသည့် ဌာန ၃ ခုလည်း ပါဝင်သည်။
လွှတ်တော်သို့ အဆိုပြုချက်တွင် ဝန်ကြီးအရေအတွက် ၁၈ ဦးဟု ဖော်ပြထားသည်။ မည်သူတို့ကို ဝန်ကြီးတာဝန်ပေးမည်ဟု NLD က ကြေညာခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအပြီး RFA အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် အစိုးရအဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုများ၊ တခြားပါတီများမှ သင့်တော်သူများ ပါဝင်မည်ဟု ပြောဆိုခဲ့သည်။
NLD အစိုးရအဖွဲ့သည် ဧပြီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို ၅ နှစ်တာ စတင် အုပ်ချုပ်ရမည်ဖြစ်သည်။




