သတင်း

အစိုးရအဖွဲ့သစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးအဖြစ် ပါဝင်လာ

ရန်ကုန် – ဝိဝါဒကွဲပြားသည့် အမျိုးမျိုးသော ကောလာဟလများ ထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်က အစိုးရအဖွဲ့သစ် ဝန်ကြီးစာရင်းတွင် ပါဝင်လာသည်။ သို့သော် သူ့အနေဖြင့် မည်သည့် ဝန်ကြီးဌာနများကို ဦးဆောင်သွားမည်ဆိုသည်ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သမ္မတအဖြစ်ရွေးကောက်ခံရသူ အဆိုပြုခဲ့သည့် ဝန်ကြီးဌာန ၂၁ ခုကို ကိုင်တွယ်မည့် ဝန်ကြီး ၁၈ ဦးအမည်စာရင်းတွင် မည်သူက မည်သည့်ဝန်ကြီးဌာနကို ဦးဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။ ယခင်အစိုးရလက်ထက်ကမူ ဝန်ကြီးဌာန အရေအတွက် ၃၆ ခုအထိ ရှိခဲ့သည်။

ယင်းအရေအတွက် နှစ်ခုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးဌာနတစ်ခုထက် ပို၍ ဦးဆောင်သွားဖွယ်ရှိကြောင်း၊ သူကိုင်တွယ်မည့် ဌာနများမှာ နိုင်ငံခြားရေး၊ ပညာရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သမ္မတရုံးဝန်ကြီးဌာနများ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းစာ၊ ဂျာနယ် တချို့တွင် ရေးသားဖော်ပြကြသည်။

အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်အတိုင်း ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စသည့် ဌာန ၃ ခုကို ကိုင်တွယ်ရမည့်သူများမှာ တပ်မတော်သားများ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သမ္မတအဖြစ် ရွေးချယ်ခဲ့သည့် ဦးထင်ကျော် အဆိုပြုလိုက်သော ဝန်ကြီးများထဲတွင် မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းနေရာမှ ဖယ်ရှားခံရသူ သူရဦးအောင်ကိုလည်း ပါဝင်နေသည်။

နာမည်စာရင်းအရ ဝန်ကြီးတာဝန်ယူရမည့်သူများထဲတွင် အမျိုးသမီးတစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

ယခုအမည်စာရင်းထွက်လာသူများနှင့်ပတ်သက်၍ လာမည့်ကြာသပတေးနေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

လွှတ်တော်တွင် ကြေညာသည့် ဝန်ကြီးအမည်စာရင်း
—————————————————-
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာအောင်သူ
၃။ ဦးသန့်စင်မောင်
၄။ သူရဦးအောင်ကို
၅။ ဦးအုန်းဝင်း
၆။ ဦးသိန်းဆွေ
၇။ ဦးကျော်ဝင်း
၈။ ဦးခင်မောင်ချို
၉။ ဒေါက်တာမြင့်ထွေး
၁ဝ။ ဦးဝင်းခိုင်
၁၁။ ဒေါက်တာဝင်းမြတ်အေး
၁၂။ ဦးအုန်းမောင်
၁၃။ ဒေါက်တာသန်းမြင့်
၁၄။ နိုင်သက်လွင်
၁၅။ ဒေါက်တာဖေမြင့်
၁၆။ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
၁၇။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
၁၈။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်

ပြည်ထောင်စုလွှတ်တော်တွင် မတ် ၂၁ ရက်နေ့က အတည်ပြုသည့် ဝန်ကြီးဌာနများစာရင်း
———————————————————-
၁။ နိုင်ငံခြားရေးဝန်ကြီးဌာန
၂။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၄။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
၆။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၇။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉။ စက်မှုဝန်ကြီးဌာန
၁ဝ။ ကျန်းမာရေးဝန်ကြီးဌာန
၁၁။ ပညာရေးဝန်ကြီးဌာန
၁၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
၁၅။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆။ ပြန်ကြားရေးဝန်ကြီးဌာန
၁၇။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈။ သမ္မတရုံးဝန်ကြီးဌာန
၁၉။ ကာကွယ်ရေးဝန်ကြီးဌာန
၂ဝ။ ပြည်ထဲရေးဝန်ကြီးဌာန
၂၁။ နယ်စပ်ရေးရာဝန်ကြီးဌာန

Related Articles

Back to top button