မေးမြန်းခန်း

“ဘိန်းက လူမျိုးသုဉ်းလောက်အောင်ဖြစ်နေပါတယ်”

ရန်ကုန် – ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention – KBC) ကို အခြေခံသည့် ကချင်ပြည်နယ်ရှိ ပတ်ဂျီဆန်အဖွဲ့သည် မကြာသေးမီက ရာထောင်ချီသည့် ဒေသခံတို့ကို ဦးဆောင်ပြီး ဘိန်းခင်းများကို ဖျက်ဆီးခဲ့ကြသည်။   

၂ဝ၁၄ ဖေဖော်ဝါရီလက စတင် ပေါ်ပေါက်လာသည့် ပတ်ဂျီဆန်၏ ဘိန်းခင်းဖျက်သည့် အစီအစဉ်တွင်  ဘိန်းစိုက်တောင်သူများ၊ ဘိန်းခင်းပိုင်ရှင်များနှင့် ပဋိပက္ခဖြစ်ပြီး အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

Myanmar Now က ဆက်သွယ် မေးမြန်းစဉ် KBC နှင့် ပတ်ဂျီဆန်အဖွဲ့ တို့တွင်  ဥက္ကဋ္ဌ တာဝန်ယူထားသူ ၆၅ နှစ်အရွယ် သိက္ခာတော်ရ ဆရာတော် ဦးဂျုံးခေါင်က ဘိန်းခင်းဖျက်ဆီးရေး လှုပ်ရှားမှု၏ ရည်ရွယ်ချက်၊ ဒေသခံတို့၏ ပါဝင်မှု၊  နောက်ဆုံး ဖြစ်ထွန်းမှု အခြေအနေများအကြောင်း ပြောပြခဲ့သည်။ သတင်းထောက် ဖြိုးသီဟချိုနှင့် ဆက်သွယ်မေးမြန်း ပြောဆိုချက်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး – ပတ်ဂျီဆန်အဖွဲ့  စတင်တည်ထောင်ရတဲ့အကြောင်း ပြောပြပေးပါ။

ဖြေ – ကချင်လူထုထဲမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေ၊  မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျတာတွေ အများကြီး ဖြစ်လာတယ်၊  အိမ်ထောင်ပျက်လာတယ်၊  စီးပွားပျက်လာတယ်၊  ဘိန်းစားတွေအများကြီးဖြစ်လာတယ်။ အဲဒါကို နိုင်ငံတော်ကလည်း လုပ်တော့လုပ်တယ်၊  ထိထိရောက်ရောက်မရှိတဲ့အခါမှာတော့ ကချင်လူထု အတွင်း မူးယစ်ဆေးဝါး စိုက်တာ၊  ဝယ်တာ၊  ရောင်းဝယ်ဖောက်ကားတာတွေနဲ့ပတ်သက်လို့ အားလုံးပပျောက်အောင်လုပ်ဆောင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။   ကချင်ဂိုဏ်းဂဏ အဖွဲ့အစည်းတွေ အားလုံးက လူကြီးတွေ ပါဝင်တဲ့ ၁၃ဦးကော်မတီကို ဖွဲ့စည်းတယ်။ လက်နက်ကိုင်တွေလည်း တွဲနိုင်သလောက်တွဲတာပေါ့။   ပတ်ဂျီဆန်အဖွဲ့မှာ ကချင်နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ နှစ်ထောင်ကျော် ပါတယ်။ အသင်းသား လေးသိန်းကျော် ရှိတယ်။

မေး – လူထုအင်အားနဲ့ ဘိန်းခင်းတွေဖျက်ဆီးရလောက်အောင် ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးက ဘယ်လောက် အန္တရာယ်ကြီးနေလို့လဲ။

ဖြေ – ဘိန်းက အင်မတန်ကိုဆိုးနေပါတယ်၊ ဘိန်းက  လူမျိုးသုဉ်းလောက်အောင်ဖြစ်နေပါတယ်၊   နိုင်ငံရေး လက်နက်အနေနဲ့လည်း အသုံးပြုခံရပါတယ်။ ပြည်နယ်တစ်ခုလုံးမှာ ဘိန်းသုံးစွဲတဲ့လူငယ်တွေ အများကြီးပေါ်လာတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီလိုမလုပ်ရင် မဖြစ်တော့တဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

မေး –  အဖွဲ့မှာ ကချင်ပြည်နယ်ထဲမှာရှိတဲ့ အခြားတိုင်းရင်းသားလူမျိုးစုတွေရော မပါဝင်ဘူးလား။

ဖြေ –  တချို့စိတ်ပါဝင်စားသူတွေတော့ ဝင်ပါတာရှိပါတယ်။ တချို့ကတော့ ဘာသာရေးမတူဘူး၊  လူမှုရေး မတူဘူး။ စိတ်ပါဝင်စားသူတွေကိုတော့ ဖိတ်ခေါ်ပါတယ်။ ခုချိန်မှာတော့ အားလုံးကို ကိုယ်စားမပြုသေးဘူးပေါ့။ ကချင်လူထုထဲမှာ မူးယစ်ဆေးဝါးကင်းစင်သွားဖို့ အရင်လုပ်ရတာပေါ့။ ယုံကြည်ချက်ချင်းတူတယ်။ ဘာသာစကားချင်းတူတယ်၊ ယဉ်ကျေးမှုတူတယ်၊ ဒီလိုဆိုရင်တော့ ပြောရဆိုရတာလွယ်ကူတယ်။   

မေး – တည်ထောင်ခဲ့တဲ့ ၂ဝ၁၄ကစပြီး ခုထိ ဘိန်းခင်းဧက ဘယ်လောက်များ ဖျက်ဆီးနိုင်ခဲ့သလဲ။

ဖြေ – ၂ဝ၁၄-၂ဝ၁၅ မှာတော့ ဧကပေါင်း ကိုးထောင်ကျော်လောက်တော့ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အချုပ်မရသေးဘူး။ ဒါပေမယ့် ထောင်ဂဏန်းလောက်တော့ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ၂ဝ၁၄-၁၅မှာ တနိုင်းဘက်မှာ များတယ်၊  ရှမ်းပြည်များတယ်။ ပူတာအိုဘက်တွေမှာလည်း နည်းနည်းရှိပါတယ်။ ဘိန်းက မကောင်းပါဘူးဆိုတာ ကျွန်တော်တို့ မကြာခဏ ဟောပြောပွဲတွေ လုပ်ပါတယ်။ အမျိုးမျိုး ဟောပြောပါတယ်။ ဒီနှစ် ကန်ပိုက်တီး(မြို့နယ်)ကို လုပ်တယ်ဆိုတာလည်း မနှစ်က သူတို့နဲ့ ဆွေးနွေးတာတွေ လုပ်ပြီးသွားပါပြီ၊  သူတို့လူကြီးတွေကိုယ်တိုင်ကလည်း လာပါ၊  ကူညီပါမယ်ဆိုခြင်းကြောင့် လာခြင်းဖြစ်ပါတယ်၊  အတင်းအဓမ္မလုပ်ခြင်း မဟုတ်ပါဘူး။

မေး –   ကချင်လက်နက်ကိုင်အဖွဲ့ KIAထိန်းချုပ်နယ်မြေထဲက   ဘိန်းခင်းတွေကိုရော ဖျက်ပါသလား။

ဖြေ – KIA က သူတို့ဘာသူတို့ ဖျက်ဆီးနေတဲ့ဟာရှိတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ဖျက်ဆီး နေတဲ့ နေရာမှာသွားလုပ်လို့ မဖြစ်ဘူး။   KIA စိုးမိုးမှုမရှိတဲ့ မြို့ရွာတွေမှာ၊  အစိုးရထိန်းချုပ်နယ်မြေမှာ ပိုပြီးတော့ အလုပ်လုပ်ရတာပေါ့။      ရှမ်းတွေစိုက်တဲ့ နေရာသွားမဖျက်ဘူး။ ကချင်တွေစိုက်တဲ့နေရာ၊  တရုတ် (နိုင်ငံသား) တွေ လာစိုက်တဲ့နေရာ၊  မြို့က လော်ပန် (သူဌေး) တွေ လာစိုက်တဲ့နေရာ၊ KIA လာလို့မရတဲ့နေရာတွေမှာ ကျွန်တော်တို့ ဖျက်ဆီးနေတာပါပဲ။

မေး – ပတ်ဂျီဆန်အဖွဲ့ကို တရားဝင် အဖွဲ့အစည်းအဖြစ် ဘာကြောင့်မှတ်ပုံမတင်တာလဲ။

ဖြေ – ဒီလိုမှတ်ပုံတင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့မေးကြည့်တော့ (ဘိန်းခင်းဖျက်တာ) တရားမဝင်ဘူး၊ ဒါဟာ အစိုးရကပဲလုပ်ရမယ်၊ ဥပဒေနဲ့မညီရင် ဘာဖြစ်မယ်ပေ့ါ။ ဥပဒေနဲ့အညီလုပ်ပါ ဆိုပြီးတော့ ခြိမ်းခြောက်တာမျိုးတွေ ရှိတာပေါ့။ ကျွန်တော်တို့အနေနဲ့ကလည်း ယုံကြည်ခြင်း၊ ဝိညာဉ်ရေးရာနဲ့ ကျွန်တော်တို့အသင်းသားတွေ ပျက်စီးနေတာကို ကျွန်တော်တို့က လက်ပိုက်ကြည့်နေလို့ မရဘူးလေ။ မလုပ်လို့ မဖြစ်တော့ဘူးလေ၊ ဒါကြောင့် အရဲစွန့်ပြီး လုပ်နေရတာပေါ့။

မေး – အများပြည်သူပိုင်ဆိုင်တဲ့ နေအိမ်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်စစ်ဆေးတာမျိုးတွေရော ရှိပါသလား။

ဖြေ – ရှိပါတယ်။ ကျွန်တော်တို့အသင်းတော်က အသင်းသားတွေရဲ့အိမ်တွေမှာ ကျွန်တော်တို့ကချင်တွေရဲ့ အိမ်တွေကိုတော့ ဝင်တာပေါ့။ ဘိန်းရောင်းတယ်၊ ရှူတယ်ဆိုရင် သတင်းရတဲ့နေရာတော့ ဝင်တာပေါ့။ ကျွန်တော်တို့က လူကိုဘာမှလုပ်တာမဟုတ်ဘူး၊ ဘိန်းကိုပဲရှာဖွေတာဖြစ်ပါတယ်။

မေး –   မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချသူတွေကို ရိုက်နှက်နေတာမျိုးတွေလည်း ရုပ်သံဖိုင်တချို့မှာ တွေ့နေရပါတယ်။   

ဖြေ – ကျွန်တော်တို့ဆီမှာကလည်း Research and Documentary Committee (သုတေသနနဲ့ အထောက်အထား ကော်မတီ) ဆိုတာရှိပါတယ်။ အဲဒါကို ကောင်းကောင်း ထိန်းသိမ်းထားပါတယ်။ ကမ္ဘာကိုလည်း အဲဒါနဲ့တင်ပြပါတယ်။ ခင်ဗျားတို့ အံ့သြလောက်စေမယ့် Document (အထောက်အထား) တွေ ရှိပါတယ်။  ကျွန်တော်တို့ တရုတ်ပြည်ကလူတွေလည်း ဖမ်းမိထားတယ်၊ သေနတ်တွေလည်း ဖမ်းမိထားတယ်၊ မိုင်းဗုံးတွေလည်း ဖမ်းထားတယ်။  

မေး – ပတ်ဂျီဆန်မှာ KIA လက်နက်ကိုင်အဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ –   မပါပါဘူး။ ပြည်သူတွေပဲ ပါပါတယ်။ သူတို့ သတင်း တမင်လွှင့်တာပါ။ KIA ပါတယ် ဆိုရင်တော့ ပစ်သတ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဘိန်းကတော့မဖျက်လို့ မဖြစ်ဘူး။ ကမ္ဘာကိုလည်းသိအောင် လုပ်မယ်။ အစိုးရကိုလည်း သိအောင်လုပ်မယ်။ ကျွန်တော်တို့ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အချက်အလက်တွေလည်း စုဆောင်းနေပါတယ်။    မကြာခင်အချိန်မှာတော့ ဘိန်းဘုရင် ဘယ်သူဆိုတာကို ပြည်သူကို ကြေညာနိုင်တော့မှာလို့ ယုံကြည်ပါတယ်။
 
မေး – ကချင်ဒေသတစ်ခုလုံး ဘိန်းပပျောက်သွားဖို့က ဘယ်လောက်ကြာမယ်လို့ထင်ပါသလဲ။

ဖြေ – ဘိန်းဆိုတာမရှိအောင် နှစ်ပေါင်းဘယ်လောက်ကြာကြာ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အာဏာပိုင်တွေက အာပေးရင်တော့ ၁နှစ်၊  ၂နှစ်လောက်နဲ့လည်း ပျောက်သွားနိုင်ပါတယ်။ အာဏာပိုင်တွေ အားမပေးဘူးဆိုရင်တော့လည်း ကြာမှာဖြစ်ပါတယ်။ ။

Show More

Related Articles

Back to top button