သတင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြစ်ဆုံစီမံကိန်းအကြောင်း ဆွေးနွေးခဲ့ဟုဆို 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ‌ဒေါက်တာခလန်ဆမ်ဆွန်နှင့် ဒီဇင်ဘာ ၁ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံခဲ့သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်သည် ၂၀၁၉ ဇူလိုင်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်များကို မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ဒေါက်တာခလန်ဆမ်ဆွန်က ပြောကြားခဲ့သည့်အတွက် ၎င်းကို အ‌ရေးယူပေးရန် တပ်မတော်က မြစ်ကြီးနားမြို့နယ်နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ဖူးသည်။ 

သို့သော် ယင်းတိုင်ကြားချက်ကို သုံးရက်အကြာတွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး စက်တင်ဘာ ၁၂ တွင် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဒေါက်တာခလန်ဆမ်ဆွန်ကို ခေါ်ယူတွေ့ဆုံခဲ့သည်။  

ယခုတစ်ကြိမ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေး၊ မြောက်ပိုင်းလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအလားအလာ၊ ရွေးကောက်ပွဲကိစ္စများအပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။ 

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း တန်ဖိုးရှိ မြစ်ဆုံစီမံကိန်းသည် တပ်မတော်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံပိုင် CPI (ယခုအခါ State Power Investment Corporation) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ကျယ်ပြန့်သော ဆန့်ကျင်ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သော စီမံကိန်းလည်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင်လည်း တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ထိုအငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့သည်များနှင့်စပ်လျဉ်း၍ KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များအနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

မေး။       ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီတစ်ခေါက်တွေ့ဆုံတာ ဘာအတွက်တွေ့တယ်လို့ ပြောလဲခင်ဗျ။

ဖြေ။       ။ဘာအတွက် တွေ့တယ်လို့တော့ မပြောဘူး။ ရောက်တဲ့အခိုက် တွေ့ဆုံဖို့ စီစဉ်တယ်လို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီတစ်ခေါက် တွေ့ဆုံတဲ့အခါမှာ ထူးခြားမှုတွေတော့ တွေ့ရတာပေါ့။ ဥပမာ အရင်က တွေ့တဲ့နေရာမှာ တပ်မတော်မူ ၆ ချက်ကို ဦးစားပေးပြောတာ ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် အဲဒီလိုမပြောဘဲနဲ့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ကိစ္စ ပြောတဲ့အခါမှာတောင် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့အစည်းအဝေးဖြစ်မြောက်ဖို့အတွက် ကူညီခဲ့တယ်ဆိုတဲ့အကြောင်း၊ ဒါပေမဲ့ တကယ်တမ်း လက်မှတ်ထိုးကြတဲ့အခါ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) မပါလာတဲ့အတွက် စိတ်မကောင်းဘူးဆိုတဲ့ အကြောင်းတွေ ပြောပြလာခဲ့တယ်။ ဆိုတော့ ဒီတစ်ခေါက် သူ့ရဲ့ခရီးစဉ်မှာ ငြိမ်းချမ်းရေးအတွက် အစီအစဉ်တစ်ခုလောက်တော့ ရှိမယ်လို့ ခန့်မှန်းရတာပဲ။

မေး။      ။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးက ဘာပြောသေးလဲခင်ဗျ။

ဖြေ။      ။ မြစ်ဆုံကို တရားဝင်ကော်မရှင်လာတဲ့အချိန်မှာ ကန့်ကွက်တာ ကျွန်တော်တို့ KBC က ကျွန်တော်ကိုယ်တိုင် ရေးပြီးမှ ကန့်ကွက်တာ။ ဒါပေမဲ့ မနေ့က ဗိုလ်ချုပ်မှူးကြီးနဲ့ ပြောဆိုပြီးတဲ့အချိန်မှာ သူ့ဘက်ကလည်း မြစ်ဆုံကို ကျွန်တော်တို့ ကန့်ကွက်တာကို သဘောတူတယ်လို့ ကျွန်တော်မြင်မိတယ်။ 

ဘာကြောင့်လည်းဆိုတော့ အထက်ပိုင်းမှာ လုပ်လို့ရတဲ့နေရာတွေ ရှိတယ်လို့ သူပြောဆိုပုံအရတော့ မေခနဲ့ မလိခ ဆုံတဲ့နေရာမှာ တရုတ်တွေရဲ့ စီပီအိုင်ရဲ့စီမံကိန်းကြီးကိုတော့ သူလည်း သိပ်ပြီးတော့ သဘောကျပုံ မရဘူး။ ကျွန်တော်တို့ အဲဒါပြောဖြစ်ရင်းနဲ့ ကျွန်တော်လည်း အဲဒီ မေခ၊ မလိခ အထက်ပိုင်းမှာ လုပ်လို့ရတယ်ဆိုတာကိုတော့ ပြောမိတာပေါ့။ 

ကျွန်တော်စိတ်ထဲမှာတော့ မေခ၊ မလိခ အထက်ပိုင်းကို ပိတ်ပြီးလုပ်မယ်လို့ ဆိုလိုတာမျိုးမဟုတ်ဘူး။ အဲဒီမြစ်နှစ်ခုကို စီးဝင်နေတဲ့ ချောင်းငယ်တွေအများကြီးရှိတယ်။ ဥပမာ ချီဖွေချောင်းဆိုရင် မေခကို စီးဝင်နေတဲ့ ချောင်းတွေပေါ့။ အဲဒါကို တချို့က မေခ၊ မလိခအထက်ကို ပိတ်ဆို့ပြီးလုပ်မယ်ဆိုတဲ့ ဝေဖန်ချက်မျိုးတွေတော့ ရှိတာပေါ့။ 

ကျွန်တော့်စိတ်မှာက အဲဒီမြစ်နှစ်ခုကို စီးဝင်နေတဲ့ ချောင်းငယ်တွေအများကြီးရှိတယ်။ အဲဒီမှာ အသေးစားလုပ်လို့ရမယ်ဆိုတာကိုတော့ ကျွန်တော်ပြောတာပေါ့။ ဗိုလ်ချုပ်မှူးကြီးကလည်း တရုတ်နဲ့လုပ်ဖို့ သူကတောင် မပြောဘူး။ ပြည်တွင်းအင်အားနဲ့ပေါ့ ပြည်တွင်းကပဲ လုပ်ဖို့သင့်တယ် ဆိုတာတွေပြောတော့ အဲဒီမှာ နည်းနည်းတော့ သဘောတစ်ခုတော့ အတူဖြစ်သွားတာပေါ့။

မေး။      ။ဗိုလ်ချုပ်မှူးကြီးက မြစ်ဆုံစီမံကိန်းကို ဘယ်လိုပုံစံမျိုး ပြန်လုပ်ချင်တယ်လို့ ထင်လဲခင်ဗျ။

ဖြေ။      ။ ကျွန်တော်ခန့်မှန်းတာကတော့ တခြားနည်းလမ်းတစ်ခု ရှာသင့်တယ်ဆိုတာကို ပိုပြီးပြောတဲ့ အသံမျိုး ကြားရတယ်။ အဲဒီမြစ်ဆုံကြီးကို ပြန်လုပ်ဖို့ကိစ္စကိုတော့ အဲဒီလို တဲ့ကြီးတော့ မပြောဘူး။ အထက်ဘက်မှာ လုပ်လို့ရတဲ့နေရာတွေ ရှိတယ်ပေါ့။ ချီဖွေချောင်းတို့ ဘာတို့ပေါ့ ဥပမာတစ်ခုကိုတောင် သူပြောသေးတယ်။ ဆို‌တော့ ဒါကိုဆက်လုပ်မယ်ဆိုတဲ့ ပြောဆိုချက်မျိုးတော့ မဟုတ်ပါဘူး။

မေး။      ။ ကချင်လူထုရဲ့သဘောထားကရော ဘယ်လိုရှိမယ်ထင်လဲ။

ဖြေ။      ။ ကချင်လူထုအများစုကတော့ မေခနဲ့ မလိခဆုံတဲ့နေရာမှာ လုပ်မှာကို ကန့်ကွက်တယ်။ ပြီးရင် မေခ၊ မလိခ တို့ကို ပိတ်ပြီးလုပ်မှာကိုလည်း ကန့်ကွက်မှုတွေ ရှိတယ်။ အဲဒီမှာ စီးဝင်နေတဲ့ တခြားချောင်းတွေအများကြီးရှိတယ်။ ချောင်းတွေမှာလုပ်ဖို့တော့ ကျွန်တော့်အနေနဲ့ကတော့ ဒါကိုသဘောတူမယ်လို့ ယုံကြည်တယ်ဆိုတာမျိုး ပြောခဲ့တာပေါ့။ ဒါပေမဲ့ စီးဝင်မယ့် ချောင်းတွေလို့ မပြောမိတာတော့ ကျွန်တော့်အားနည်းချက်ပေါ့။ 

ကျွန်တော့်ကချင်လူထုကတော့ အများအားဖြင့်တော့ ဖက်ဒရယ် မပီပြင်သေးတဲ့အချိန်မှာ အဲဒါတွေလုပ်တာကိုတော့ သိပ်တော့ သဘောမတွေ့ကြဘူးပေါ့ဗျာ။ ဒါပေမယ့် အစိုးရစီမံကိန်းက ကျွန်တော့်လက်ထဲမှာမရှိဘူး။ လက်ရှိအစိုးရရဲ့လက်ထဲမှာရှိတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့လည်း ဒါကို တပ်အပ်ကြီးတော့ မပြောနိုင်ဘူး။ ဘယ်အစိုးရပဲဖြစ်ဖြစ် ပြတ်ပြတ်သားသားပဲ ပြောသင့်တယ်လို့ လူထုက ထင်တယ်။

မေး။       ။ အရင်အစိုးရလက်ထက်ကတည်းက ရပ်ထားတဲ့စီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးက ပြန်စကားစလာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။       ။ ထူးခြားတယ်ဗျ။ ကျွန်တော်လည်း မခန့်မှန်းနိုင်ဘူး။ ထူးခြားမှုတော့ ရှိတယ်။ လုံးဝ ဒါကို ပြန်စမယ်ဆိုတဲ့ စစ်လေသံမျိုးနဲ့ ပြောတာတော့ မရှိဘူး။ အရင်တုန်းကဆိုရင် စစ်တပ်ဆိုရင် စစ်တပ်လေသံမျိုးနဲ့ ပြောဆိုတာတွေရှိခဲ့တာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဲဒီလို ပြန်စဖို့ လိုတာတွေ၊ ကျွန်တော်တို့ ကြိုးစားရမယ်ဆိုတာတွေ မပြောဘူး။ ကျွန်တော်ကတော့ သူ့ရဲသဘောထားက ဆက်လုပ်ဖို့ လူတစ်ဦးတစ်ယောက်အနေနဲ့ ဆန္ဒရှိပုံမပေါ်ဘူးလို့ ကျွန်တော် ယူဆရတာပေါ့။

မေး။        ။ မနေ့က ဆွေးနွေးပွဲမှာ တပ်က ဘယ်အချက်ကို အဓိကထား ဆွေးနွေးတယ်လို့ မြင်လဲခင်ဗျ။

မေး။        ။ အဓိကကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးကို ပိုပြီးတော့မှ ဦးတည်တယ်။ ကျွန်တော်တောင် ပြောလိုက်သေးတယ် IDP (စစ်ရှောင်) တွေ နေရပ်ပြန်ရေးက ငြိမ်းချမ်းရေးအတွက် ပထမလှေကားထစ် ဖြစ်ပါတယ်လို့ တပ်ချုပ်ကြီးကို ကျွန်တော် ထည့်ပြောလိုက်ပါသေးတယ်။

မေး။       ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

ဖြေ။        ။ ကျွန်တော်တို့လုပ်နိုင်တာ စစ်ရှောင်တွေအရေးပဲ။ မြစ်ဆုံတွေ ငြိမ်းချမ်းရေးတွေ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ IDP တွေ နေရပ်ပြန်ရေးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်တဲ့အနေအထားပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့နဲ့ ပြန်တဲ့အနေအထားပဲဖြစ်ဖြစ် မိုင်းရှင်းလင်းရေးက ဦးဆုံးလုပ်ရမယ့်အလုပ်ပဲ။ အဲဒါကို တပ်မတော်နဲ့ ဆက်လက်လုပ်ဆောင်ရမှာပေါ့။ 

ထိုနည်းတူ ကျွန်တော်တို့ နိုင်ငံတကာအကူအညီနဲ့လည်း လုပ်ဆောင်ဖို့ လိုလိမ့်မယ်ထင်တယ်။ မြန်မြန်ဆန်ဆန် ပြီးအောင်ပေါ့နော်။ အဲဒါကိုလည်း ကျွန်တော်တို့ ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) တို့နဲ့လည်း ဆွေးနွေးဖို့ရှိပါတယ်။ 

Show More

Related Articles

Back to top button