
ရန်ကုန် – အကျဉ်းထောင်စနစ်တိုးတက်လာပုံအကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခပေးရုပ်သံဌာန SkyNet တို့ ရိုက်ကူးထုတ်လုပ်ကြသည့် အပတ်စဉ် ရုပ်သံအစီအစဉ်တစ်ခုကို တနင်္လာနေ့က စတင်ပြသလျက်ရှိသည်။
‘သက်ရောက်မှုအလင်းတန်းများ’ ဟု အမည်ပေးထားသည့် မိနစ် ၃ဝ ကြာ အစီအစဉ်ကို Home Channel တွင် ပြသရာ မကြာသေးမီနှစ်များအတွင်း အကျဉ်းထောင်တို့၏ အခြေအနေ တိုးတက်လာကြောင်း၊ အကျဉ်းသားများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်ကြားပေးမှုများ၊ ကမ္မဋ္ဌာန်းရှုမှတ်ပုံကို အကျဉ်းထောင်များအတွင်း ပို့ချမှု စသည့် အကျဉ်းဦးစီးဌာနအရာရှိတို့၏ ပြောကြားချက်များ ပါဝင်သည်။
“ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ ဖျော်ဖြေရေးစတဲ့ အစီအစဉ်တွေကို အကျဉ်းသားတွေအတွက် လုပ်ဆောင်ပေးပါတယ်” ဟု ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက SkyNet ရုပ်သံသို့ ပြောသည်။
“သူတို့အနေနဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတဲ့အခါ အဆင်သင့်ဖြစ်အောင်လို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ သင်ကြားပေးတာဖြစ်ပါတယ်”
ရုပ်သံအစီအစဉ်တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်းပိုင်း မြင်ကွင်းအချို့၊ အမျိုးသမီးအကျဉ်းသားသုံးဦးတို့နှင့် တွေ့ဆုံမေးမြန်းခန်းတို့ကို တွေ့ရသည်။
SkyNet Home Channel မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသင်းကျော်က အဆိုပါရုပ်သံလိုင်းအနေဖြင့် တပ်မတော်၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားကာ အဆိုပါ ဝန်ကြီးဌာနအောက်ရှိ ဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို နေ့စဉ် တင်ဆက်ပေးရကြောင်း ပြောကြားသည်။
အကျဉ်းထောင်များ၏ အခြေအနေနှင့် ပတ်သက်သည့် အစီအစဉ်တစ်ခုကို ပြသရန် ထုတ်လုပ်သူများ မကြာသေးမီက ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
SkyNet ရုပ်သံကို ယခင်က စစ်တပ်နှင့် ဆက်ဆံရေးနီးစပ်သူ ဦးကျော်ဝင်း၏ ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။
အကျဉ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းထွန်းစိုးက အကျဉ်းထောင်များအခြေအနေ တိုးတက်ပြောင်းလဲလာမှုများကို ပြည်သူသို့ ပြသရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် SkyNet ရုပ်သံသို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
ယခုပြသခဲ့သည့် အစီအစဉ်အတွက် ရုပ်သံလိုင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။
ယခင်စစ်အာဏာရှင်လက်ထက်က နိုင်ငံရေးလှုပ်ရှားသူများစွာ အထိန်းသိမ်းခံခဲ့ရပြီး အကျဉ်းသားအများအပြားမှာ ဆိုးဆိုးရွားရွားအခြေအနေများကြောင့် ကျန်းမာရေးထိခိုက်ခဲ့ပြီး ထိန်းသိမ်းခံရစဉ် သေဆုံးမှုအများအပြား ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မကြာသေးမီနှစ်များအတွင်း လုပ်ဆောင်ခဲ့ရာ အကျဉ်းဦးစီးဌာနတွင် တိုးတက်မှု အနည်းငယ်ရှိခဲ့သည်။ အကျဉ်းဦးစီးဌာနအောက်ရှိ အကျဉ်းထောင် ၄၆ ခု၊ အလုပ်စခန်း ၄၈ ခုတို့တွင် အကျဉ်းသား ၁ဝဝ,ဝဝဝ ခန့် ပြစ်ဒဏ်ကျခံနေရသည်။
ယခင်အစိုးရလက်ထက်က အကျဉ်းသားများ၏ အစားအသောက်အနေအထိုင်နှင့် ပတ်သက်၍ တိုးတက်လာသည်ဟု ဆိုကြသော်လည်း Myanmar Now သတင်းဌာန၏ မကြာသေးမီက စုံစမ်းလေ့လာမှုအရ အလုပ်ကြမ်းစခန်းများတွင် နှိပ်စက်မှု၊ လာဘ်ပေးရမှု၊ အကျဉ်းသားအပေါ် ခေါင်းပုံဖြတ်မှုအများအပြား ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
စိုက်ပျိုးရေးစခန်း၊ ကျောက်ထုတ်စခန်းများရှိ အကျဉ်းသား ၂ဝ,ဝဝဝ ခန့် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကျဉ်းထောင်စည်းမျဉ်းဖောက်ဖျက်မှု၊ အတင်းအဓမ္မခိုင်းစေမှုတို့နှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည့် Myanmar Now ၏ သတင်းဆောင်းပါးကို အခြားမီဒီယာများက ပြန်လည်ဖော်ပြခဲ့ကြသည်။
လက်ရှိအာဏာရပါတီဝင်အများအပြားသည် တစ်ချိန်က အဆိုပါ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ခဲ့ဖူးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်အနေဖြင့် အကျဉ်းထောင်အခြေအနေများ တိုးတက်လာစေရန် စတင်လုပ်ဆောင်သည့် အရိပ်အယောင် ယခုအချိန်ထိ မတွေ့ရသေးပေ။ ။