အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမတ်များ၏ စစ်ပွဲရပ်ရေးပေးစာ ဝေဖန်ခံနေရ

ရန်ကုန် – ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်သွားရေးအတွက် ဆောင်ရွက်ပေးရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လွှတ်တော်အမတ်တချို့က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသား တောင်းဆိုရာ ထိုသို့ တောင်းဆိုခြင်းသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ဟူသော ဝေဖန်ချက်နှင့် ရင်ဆိုင်နေရသည်။

ကချင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်လာပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ် နေရာအႏွံ့သို့ စစ်မီး ကူးစက်မည်ကို ဒေသခံတို့ စိုးရိမ်နေကြကြောင်း ဖော်ပြထားသည့်စာတွင် ပြည်သူ့လွှတ်တော်မှ ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ဝ ဦး လက်မှတ်ထိုးထားကြပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တော်ရှိ လွှတ်တော်ဥက္ကဋ္ဌများထံသို့လည်း မိတ္တူ ပေးပို့ထားသည်။

လွှတ်တော်ကိုယ်စားလှယ်တို့၏ လွှတ်တော်ပြင်ပလှုပ်ရှားမှုမှာ လမ်းကြောင်း အနည်းငယ် လွဲနေသည်ဟု ရှမ်းပြည်နယ်၊ လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ အထွေထွေအတွင်းရေးမှူး ၂ မိုင်းမျိုးအောင်က ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ကိစ္စအားလုံး လွှတ်တော်မှာပဲ ဆွေးနွေးပြီးတော့မှ အများရဲ့ သဘောဆန္ဒနဲ့ တိုက်တွန်းတာမျိုး ဖြစ်သင့်တယ်။ သူတို့ဘာအခက်အခဲရှိလဲတော့ ကျွန်တော်တို့မသိဘူး”ဟု ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုလုပ်ရပ်သည် လက်မှတ်ထိုးမထားသည့် လွှတ်တော်ကိုယ်စားလှယ်အများစု၏ သဘောထား မပါဝင်သဖြင့် အားနည်းချက် ရှိသည်ဟု မိုင်းမျိုးအောင်က ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ညှိနှိုင်းတဲ့ကာလဖြစ်နေတော့ ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ ဆိုတာက သိပ်ပြီးမှ မျှော်လင့်လို့မရသေးဘူး” ဟု မိုင်းမျိုးအောင်က ဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် ရပ်မိရပ်တစ်ဦးဖြစ်သူ ဦးထွန်းဝက အမတ်များ၏ လှုပ်ရှားမှုသည် လွှတ်တော်တွင်းတွင်ဖြစ်ပါက ပိုမို အားကောင်းမည်ဟု သုံးသပ်သည်။

“အကောင်းဆုံးက လွှတ်တော်ကနေသွားတာ ကောင်းတယ်။ အစိုးရကမှ ဒီကိစ္စလုပ်ရမှာလေ။ အစိုးရ မဟုတ်ဘဲနဲ့ ပြင်ပက လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြောလို့ရတဲ့အမျိုး မဟုတ်ဘူး။

(လွှတ်တော်ထဲမှာ) လွှတ်တော် အမတ်ကနေ တစ်ဆင့် တင်သွားသင့်တယ်၊ လွှတ်တော်အမတ်က ပြည်သူ့ရဲ့ကိုယ်စားလှယ်လေ” ဟု ဦးထွန်းဝက ပြောသည်။

အစိုးရက တပ်မတော်ကို တိုက်ပွဲများ ရပ်တန့်စေရန် ပြောဆိုခြင်းဟူသော အကြောင်းအရာကို လွှတ်တော်တွင် အဆိုတင်သွင်းရန် အခက်အခဲရှိသည်ဟု ရှမ်းပြည်နယ်၊ မန်တုံမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောသည်။

“အစိုးရသစ်က အခုမှတက်တာလေ၊ အာဏာအပြည့်အဝ မရှိသေးဘူး၊ ဒါက အားလုံး သိကြတာပဲ။ လွှတ်တော်မှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေ။ အဲကြောင့်မို့လို့ ကျွန်မတို့က လွှတ်တော်ကို အဆိုမတင်သွင်းတာ” ဟု ဒေါ်နန်းမိုးက ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ အစိုးရက ဆောင်ရွက်နေချိန်တွင် ကချင်ဒေသတွင် ထိုးစစ်ဆင်နေသဖြင့် တပ်မတော်က ငြိမ်းချမ်းရေးကို မလိုလားသေးသည့်သဘော သက်ရောက်နေသည်ဟုလည်း ဒေါ်နန်းမိုးက ဝေဖန်လိုက်သည်။

အမတ်များ၏ ပေးစာ၊ ဝေဖန်ချက်တို့နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိကို ဆက်သွယ်ထားသော်လည်း ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

——————–
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါးဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanamr Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button