
အမျိုးသမီးများကိုအကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်မည့် ဥပဒေသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေးလောကတွင် ထင်ရှားသည့် အမျိုးသမီးများက အောက်တိုဘာ ၂၆ ရက်နေ့တွင် အစိုးရကို တိုက်တွန်းလိုက်သည်။
နိုင်ငံအတွင်း အမျိုးသမီးတို့ကို အကြမ်းဖက်မှု၊ မတရားပြုကျင့်မှု အများအပြား ပေါ်ထွက်လာသဖြင့် ထိုဥပဒေ လိုအပ်နေခြင်းဖြစ်သည်ဟု ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ ဒေါ်လှလှရီက ပြောသည်။
“ကျွန်မတို့ အမှုတွေ လိုက်ပါဆောင်ရွက်တဲ့ အတွေ့အကြုံအရပြောမယ်ဆိုရင် ၂၀၁၄ မှ ၂၁၁၆ ခုနှစ် အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကလေးငယ်၊ အမျိုးသမီး၊ မသန်စွမ်းများကို ပစ်မှတ်ထား ကျူးလွန်လာတာကို တွေ့ရတယ်”ဟု ဒေါ်လှလှရီ ဆိုသည်။
အကာအကွယ်ပေးနိုင်သည့် ဥပဒေ ရှိမနေသရွေ့ အမျိုးသမီးများ မတရားပြုကျင့်မှုနှင့် ရင်ဆိုင်လာရပါက ” ကိုယ်ဖြစ်ရင်ကိုယ်ခံ ဆိုတဲ့ အနေအထားမျိုး” ဖြစ်နေသည်ဟု အမျိုးသမီး၊ ကလေးသူငယ်တို့၏ အမှုအခင်းများ အတွက် အကူအညီပေးနေသော Legal Clinic Myanmar ခေါ် ဥပဒေရေးရာကုစားရေးအဖွဲ့မှ ဒေါ်လှလှရီက ဝေဖန်လိုက်သည်။
အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးကြခြင်း မရှိသေးကြောင်း ဒေါ်လှလှရီက ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းသမားများနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကလည်း အလားတူ ပြောကြားသည်။
“အမျိုးသမီးများကို အကြမ်းဖက်မှု တားဆီးရေးဥပဒေ နိုင်ငံအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ အစိုးရက ရေးကို ရေးဆွဲရမယ်။ ဒီဥပဒေက အင်မတန်မှ လိုအပ်လို့ပါလို့ ကျွန်မတို့ လွှတ်တော်ကို အကြံပေးထားပါတယ်” ဟု ဒေါ်သန္တာက ပြောသည်။
ပြည်သူလူထုကို အကာအကွယ်ပေးသည့် ဥပဒေ ပေါ်ပေါက်ရေး လိုအပ်သကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးများကို အာဏာပိုင်တို့ အကူအညီပေးရာတွင်လည်း အားနည်းချက်များ ရှိနေသည်ဟု အခရာ အမျိုးသမီးအဖွဲ့မှ ဒေါ်ထားထားက ပြောသည်။
မုဒိမ်းမှုအကြောင်း ရဲစခန်းတွင် အမှုဖွင့်သည့်အခါ လူအများအပြားက ဝိုင်းအုံ နားထောင်လေ့ ရှိကြောင်း၊ မုဒိမ်းကျင့်ခံရသည့် အသက်မပြည့်သေးသူ အမျိုးသမီးတစ်ဦး ရဲစခန်းသို့ သွားရောက် တိုင်ကြားစဉ် အမှုလက်ခံဖွင့်ပေးသည့် တာဝန်ကျ ရဲအရာရှိက အသံကျယ်ကျယ် ပြောဆိုစေခြင်းမျိုးနှင့် ကြုံတွေ့ဖူးကြောင်း ဒေါ်ထားထားက ပြောသည်။
“ရဲကိုလည်း ကျွန်မတို့ အပြစ်တင်ချင်တာ မဟုတ်ဘူး။ သူတို့ကလည်း ဒါတွေနားမလည်ဘူး။ သူတို့ကို ပညာပေးတာတွေ မရှိဘူး။ ဒီလို အမှုတွေ ကိုင်တွယ်ရင် အသိပညာတွေ လိုအပ်တယ်” ဟု ဒေါ်ထားထားက ဆိုသည်။
ကျူးလွန်ခံရသူနှင့် မိသားစုက အားတင်ပြီး ရဲစခန်းသို့ လာရောက်ရသည့် အခြေအနေကို ရဲအရာရှိတို့ သဘောပေါက်ရန် လိုအပ်ကြောင်း၊ မုဒိမ်းမှု ကျူးလွန်ခံရသူ ၉၉ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီး ဖြစ်နေတတ်သောကြောင့် အမှုဖြစ်စဉ်အသေးစိတ်ကို အမျိုးသားရဲအရာရှိထံ ပြောပြရာတွင် အခက်အခဲများ ရှိကြောင်း ဒေါ်ထားထားက ဆွေးနွေးသွားသည်။
———————————–
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါး သတင်းဂျာနယ်၏ သတင်းထောက်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်)