
ရန်ကုန် – တိုင်းရင်းသားဒေသများရှိ ရေကာတာစီမံကိန်းအားလုံးကို ရပ်ဆိုင်းရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များက ဒီဇင်ဘာ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဖွံ့ဖြိုးရေးနောက်ကွယ်က သူတို့အသံ ဟု အမည်ပေးထားသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက် တာဝန်ရှိသူတို့က ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ရေကာတာအများစုက တိုင်းရင်းသားဒေသမှာပဲ ဆောက်တဲ့အခါကျတော့ ရေကာတာတွေရဲ့ ဆိုးကျိုးတွေကို တိုင်းရင်းသားတွေပဲ ခံစားရတာ များတယ်” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်ဘွိုင်းနူးက ဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီရေကာတာ စီမံကိန်းကို လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတို့ကြောင့် ရပ်ဆိုင်းခဲ့ကြောင်း၊ ယခု အစိုးရက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းကို နားမလည်နိုင်ကြောင်း သူက ဆက်ပြောသည်။
ရေကာတာကြီးများ တည်ဆောက်လိုက်ခြင်းကြောင့် သံလွင်၊ ဧရာဝတီ၊ ချင်းတွင်း၊ ရွှေလီ၊ ပေါင်းလောင်း စသည့် မြစ်များ ဝန်းကျင်မှ တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များ၊ သမိုင်းအထောက်အထား၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်များ လုံးဝ ပျောက်ကွယ်စေနိုင်သည့်အပြင် ပြန်လည်အစားထိုး မရနိုင်သည့် ဒေသခံတို့၏ ဘဝလုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း ကွန်ရက်က သတင်းထုတ်ပြန်သည်။
ယခင်နှင့် ယခု စီမံကိန်းများကြောင့် ဒေသခံတို့ ဆုံးရှုံးနစ်နာမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတို့အတွက် အာဏာပိုင်များ၊ ကုမ္ပဏီများက လျော်ကြေးပေးရန်၊ ရေကာတာစီမံကိန်းများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည်နယ်/တိုင်း ဒေသအလိုက် တန်းတူ ခွဲဝေ အသုံးပြုရန်၊ အနာဂတ် စီမံကိန်းများကို ဒေသခံတို့၏ သဘောတူညီချက်ရမှ တည်ဆောက်ရန်၊ စီမံကိန်း လုံခြုံရေး အကြောင်းပြု၍ နေရာယူထားသည့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ရပ်ဆိုင်းရန်လည်း အစိုးရကို တောင်းဆိုကြောင်း ကွန်ရက်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်မိအားချိုင်းကလည်း ရေကာတာ စီမံကိန်းမှ ထွက်ရှိသော ရေအားလျှပ်စစ် စွမ်းအင်ကို ပြည်တွင်းတွင် အပြည့်အဝ အသုံးပြုခွင့် မရကြောင်း၊ ပြည်ပသို့ တင်ပို့နေကြောင်း၊ လျှပ်စစ်စွမ်းအင်ရလိုပါက နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့ကိုလည်း အားကိုးသင့်ကြောင်း မှတ်ချက်ပေးသည်။
“ရေကာတာတွေဆောက်တဲ့အခါ ကျေးရွာတွေမှာ မီးမရလို့ ဆောက်တာဆိုပြီး အကြောင်းပြချက်ပေးတယ်။ ဒါဟာ တကယ်အကြောင်းပြချက်ကောင်း မဟုတ်ပါဘူး” ဟု ဒေါ်မိအားချိုင်းက ပြောသည်။
ဒေသခံတို့က နေရပ်စွန့်ခွာပြီး စီမံကိန်းအတွက် နေရာဖယ်ပေးရကြောင်း၊ လယ်ယာစိုက်ခင်းများကို စွန့်လွှတ်ရကြောင်း၊ ပြောင်းရွှေ့မှုကြောင့် ရိုးရာဓလေ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ စားဝတ်နေရေး အခက်အခဲဖြစ်ရကြောင်း တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ မိုင်းအမ်းငေးက ထောက်ပြသည်။
“ရေကာတာစီမံကိန်းများကို ဆက်လက်လုပ်မယ်ဆိုရင်တော့ ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နေရာရွှေ့ပြောင်းမှုတွေ ဖြစ်စေမယ့်အပြင် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်မှုဖြစ်စေပါတယ်” ဟု မိုင်းအမ်းငေးက ပြောသည်။
သတင်းရေးသားသူ လွေးခင်ဝင်းရီသည် လားရှိုးမြို့ အခြေစိုက် မားနဂါးသတင်းဂျာနယ်မှဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် လုပ်ကိုင်လျက် ရှိသည်။