
ရန်ကုန် — တရုတ်နိုင်ငံက တည်ဆောက်မည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်သူနှင့် ကချင်နိုင်ငံရေး ပါတီများက မဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၏ ထုတ်ပြန်ချက်သည် ၎င်းတို့လိုရာဆွဲပြောခဲ့ခြင်းသာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီက ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ တုံ့ပြန်လိုက်သည်။
တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် (Mr Hong Liang) သည် ကချင်ပြည်နယ်သို့ ဒီဇင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာ သွားရောက်ခဲ့ပြီး ၂၈ ရက်နေ့တွင် ကချင်ပါတီများနှင့်တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံချက်အရ ဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူများ၊ ကချင် နိုင်ငံရေးပါတီများက မဆန့်ကျင်မကန့်ကွက်ဟု ဇန်နဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် တရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့ သည်။
ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီသည် ကချင်တိုင်းရင်းသားများဖြင့် တည်ထောင်ထားသည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDP-KS)တို့ သုံးပါတီကို စုပေါင်းကာ ကချင်တိုင်းရင်းသားများကို ကိုယ်စားပြုမည့် ပါတီတစ်ခုအဖြစ် ရပ်တည်ရန် ပြင်ဆင်နေသော အဖွဲ့အစည်းဖြစ်သည်။
တရုတ်သံအမတ်နှင့် တွေ့ဆုံစဉ်က မြစ်ဆုံစီမံကိန်းကို ထောက်ခံသည်ဟု မပြောခဲ့ကြောင်း၊ တရုတ်သံအမတ်ကြီးကမူ ကချင်နိုင်ငံရေးပါတီများအနေဖြင့် မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ရန်နှင့် ပြည်သူလူထုကိုလည်း ထိုစီမံကိန်းကို မဆန့်ကျင်ရန် ပြောပေးဖို့ ပြောဆိုခဲ့ကြောင်း အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်းဂေါင်အောင်ခမ်းက ပြောသည်။
“ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့အချိန်ကတည်းက မလုပ်ဖို့ ကျွန်တော်တို့က ပြောခဲ့ပြီးသား။ နောင်လည်း ဒီအတိုင်းပြောမှာပဲ။ သံအမတ်က ဒီဟာကိုလုပ်မယ်။ ဆက်မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ဖို့ ခက်ခဲသွားမယ်၊ မလာတော့ဘူးပေါ့။ သူတို့လူတွေကလည်း ဒီဟာ ဆက်မလုပ်ရတာကို စိတ်ဆိုးနေကြတယ်။ မြန်မာ အစိုးရဆီမှာ ခုနစ်နှစ်လောက်အထိ သည်းခံပြီး စောင့်နေကြရတာ။ ကချင်ပါတီတွေအနေနဲ့ မဆန့်ကျင်ပါနဲ့။ ပြည်သူကိုလည်း မဆန့်ကျင်ဖို့ ပြောပေးပါဆိုတာမျိုးပြောတာ။ ကျွန်တော်တို့က ပြောလိုက်တာက ပြည်သူတွေရဲ့ သဘောထားအတိုင်းပါပဲလို့” ဟု ၎င်းက ဆိုသည်။
မိမိတို့ကချင်နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် ကချင်ပြည်သူလူထုတစ်ရပ်လုံးက ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ထောက်ခံခြင်းမျိုး မရှိကြောင်း၊ တရုတ်သံအမတ်အနေဖြင့် မိမိတို့လိုရာဆွဲပြောဆိုခြင်းက မသင့်တော် ကြောင်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း ပြောသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး စီမံကိန်းရုံး ဆက်ဖွင့်ထားပြီး လုပ်ငန်းတိုးချဲ့လုပ်ဆောင်မှုမျိုး ယနေ့အချိန်အထိ မရှိသော်လည်း စီမံကိန်းအကောင်အထည်ဖော်ခြင်းကိုတော့ အမြဲတမ်း ဆန့်ကျင်သွားမည်ဟု သူကဆိုသည်။
“ဒီလိုသူတို့ထုတ်ပြန်တာ ယုံကြည်မှုကို ထိခိုက်တာပေါ့။ တစ်ဖက်သတ် ထုတ်ပြန်ချက်ဖြစ်နေတယ်။ တစ်ဖက်သား သဘောထားနဲ့ မကိုက်ညီတာကို ထုတ်ပြန်တာမျိုးက မသင့်တော်ဘူး။ သူတို့ ဒီလိုထုတ်ပြန်လို့ အပြစ်တင်တာမဟုတ်ဘူး။ ဒီဟာကို ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာ ပြည်သူတွေ သိထားပြီးသားပါ” ဟု ၎င်းကဆိုသည်။
ထိုမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အများပြည်သူများ ဝေဖန်သုံးသပ်နိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ကချင်ပြည်နယ်တောင်ပိုင်းရှိ တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများကို အခြေပြု တည်ထောင်ထားသည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက သုံးသပ်သည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တချို့ပညာရှင်များက လုပ်သင့်သည်ဟု ပြောဆိုနေမှုများရှိသလို၊ တချို့ကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများနှင့်တကွ ကန့်ကွက်သည့် ဝေဖန်ထောက်ပြမှုများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ပွင့်ပွင့်လင်းလင်း သိသင့်သည်ဟု ၎င်းကဆက်ပြောသည်။
“ပြည်သူတွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင် ဘာမှန်းမသိဘဲ ပြောနေကြသလို ဖြစ်နေတယ်။ ယေဘုယျအားဖြင့် ပြည်သူအားလုံးက ဆန့်ကျင်နေတာလည်းမဟုတ်၊ ထောက်ခံနေတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူတွေကို ပွင့်လင်းစွာ ချပြမှ ပြည်သူတွေက မှန်လား၊ မှားလား သုံးသပ်နိုင်မှာ။ အဲ့ဒီတော့မှ ပြည်သူအများရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်လို့ရမှာပေါ့” ဟု သူက ဆိုသည်။
ဧရာဝတီမြစ်ကြီးစတင်ရာ မေခနှင့်မလိခ မြစ်ဆုံအနီးတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာနှင့် ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်းသည် စစ်အစိုးရလက်ထက် ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး သိန်းစိန်အဖြစ် တာဝန်ယူစဉ်ကတည်းက တရုတ်နှင့် သဘောတူစာချုပ်ချုပ်ခဲ့သည့် မေခ-မလိခ မြစ်ဆုံမြစ်ညာဒေသ ရေကာတာ စီမံကိန်း ခုနစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်အစိုးရပိုင် CPI လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းအတွက် တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် စစ်အစိုးရနှင့် နီးစပ်သည့် ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ်ကုမ္ပဏီက ၅ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီ SPIC ၏ခန့်မှန်းချက်အရ မြစ်ဆုံစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့်ဓာတ်အား၏ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ခံစားရမည်ဖြစ်ကာ ကျန် ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။
မြစ်ဆုံရေကာတာကြောင့် ဒေသခံတို့၏ ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းများနှင့် အမွေအနှစ်များ ဆုံးရှုံးမည်၊ ထိုဒေသ၏ ကြွယ်ဝသည့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်မည်၊ ဧရာဝတီမြစ်၏ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်သည်ဆိုသော စိုးရိမ်ပူပန်မှုများ ပေါ်ထွက် လာခဲ့သလို ထိုနေရာသည် ငလျင်ဘေးဒဏ်နှင့် ပတ်သက်ပြီး စိတ်မချရကြောင်း ပြောဆိုမှုများလည်း ရှိလာခဲ့သည်။
မြန်မာနိုင်ငံသားအများအပြား၏ ဆန့်ကျင်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို ၎င်းတို့ အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ NLD အစိုးရလက်ထက် ရောက်သည့်အခါ တရုတ်ဘက်က ထိုစီမံကိန်းကို ပြန်စသင့်ပြီ ဖြစ်ကြောင်း စကားလမ်းကြောင်းများ ပြန်စလာခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပါက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို အများပြည်သူ သိအောင် ချပြမည်ဟု ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။
မကြာသေးမီက ကချင်ပြည်နယ်ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်မည့်သဘော အရိပ်အယောင်ပါသည့် စကားများ ပြောကြားခဲ့သည်။