သတင်း

မြစ်ဆုံစီမံကိန်း ရပ်ရန် ကချင်အဖွဲ့ တိုက်တွန်း

ရန်ကုန် – ပြောင်းလဲမှုများ ဖော်ဆောင်မည်ဟု ကတိပေးပြီး တက်လာသည့် အစိုးသစ်သည် မြစ်ဆုံဆည် အပါအဝင် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်ပြီး အပြောင်းအလဲ ဖော်ဆောင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် တန်ဖဲဒေသ အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါ်လုရာက ပြောသည်။

ရွေးကောက်ပွဲ ကာလတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လာရောက် မဲဆွယ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ်ပြောင်းလဲဖို့ ဆောင်ရွက်မည်ဟု ဆိုသောကြောင့် မြစ်ဆုံစီမံကိန်းကို မလိုလားသော ဒေသခံတို့က ဝမ်းသာခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

“ကျွန်မတို့က ဒီစီမံကိန်းကိုလည်း ဖျက်စေချင်တယ်။ သူတို့ကိုလည်း အားကိုးတယ်။ ပြောင်းလဲချင်လို့ ယုံယုံကြည်ကြည်နဲ့ မဲထည့်လိုက်တာ။ အစကတော့ ပြည်သူလူထုအသံလို့ ပြောတယ်။ အစိုးရတက်ပြီးတော့ ကချင်မှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံး အော်နေတဲ့အချိန်မှာ သူတို့က ခေါင်းရှောင်နေတယ်” ဟု ဒေါ်လုရာက ပြောသည်။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းကို ယာယီရပ်ဆိုင်းထားသော်လည်း နှစ်နိုင်ငံရပ်ဆိုင်းထားတဲ့ စာချုပ်ကို ပြည်သူလူထု သိရှိရန် ချပြခြင်း မရှိကြောင်း သူက မကျေမနပ် ပြောဆိုသည်။

“လျှပ်စစ်စွမ်းအင်ကို (ရနိုင်တဲ့) တခြားနည်းလမ်းတွေ၊ နည်းစနစ်တွေ အများကြီး ရှိလာပြီ၊ အဲ့ဒါကို ဘာလို့ မလုပ်နိုင်တာလဲ၊ ဒီရေကာတာကိုပဲ လုပ်မှာလား၊ တခြားနည်းလမ်း မရှိတော့ဘူးလား၊ အစိုးရကို ကျွန်မ မေးချင်တယ်” ဟု ဒေါ်လုရာက ဆက်ပြောသည်။

“မြစ်ဆုံ ဆိုတာက ကျွန်မတို့ကချင်လူမျိုးစုတွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့နေရာ ဖြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဆက်လက်ပြီး ကန့်ကွက်သွားမယ်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက မြစ်ဆုံ စီမံကိန်း၏ ရှေ့ရေးနှင့် ပတ်သက်ပြီး ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။

အရပ်ဘက် အဖွဲ့အစည်း အများအပြားကလည်း အကြီးစားရေအားလျှပ်စစ်စီမံကိန်းကြီးများ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ကန့်ကွက်လျက် ရှိသည်။

ထိုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျှင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ လူသားများ၏ ဘဝလုံခြုံမှုကို ကြီးမာစွာ ထိခိုက်နိုင်ပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုမို ဆိုးဝါးလာစေမည်၊ တိုင်းပြည်အနှံ့ လူမှုပဋိပက္ခ၊ တိုင်းရင်းသားပဋိပက္ခ ဖြစ်ပေါ်စေမည်ဟု ကန့်ကွက်သူတို့က ဆိုသည်။

ဤအတောအတွင်း သံလွင်မြစ်ပေါ်တွင်လည်း လျှပ်စစ်ဓာတ်အား စီမံကိန်း(၆) ခု ရှိနေသည်။

သံလွင်စီမံကိန်းတို့ကို ဆက်လက် အကောင်အထည် ဖော်လျှင် ၂ဝ၁၅-၂ဝ၃ဝ ကာလ အစိုးရများအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူး ပေးနိုင်မည်ဟု လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီးဦးမော်သာထွေးက ၂ဝ၁၄ ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့ဖူးသည်။

သံလွင်မြစ်ရေ အကျိုးရှိစွှာ အသုံးချနိုင်ရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး၊ ငလျင်ဒဏ်ခံနိုင်ရေးတို့အတွက် လုံခြုံစိတ်မှု ရှိစေရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ဒုဝန်ကြီးက လွှတ်တော်ကို ပြောသည်။

ဒေသဘူမိဗေဒအခြေအနေမှာ စစ်ကိုင်းပြတ်ရွေ့ဝန်းကျင် စစ်တောင်းမြစ်ဝှမ်းတလျှောက် တည်ဆောက်ထားပြီး ဖြစ်သော ရေလှောင်တမံများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိဟု ဒုဝန်ကြီးက ရှင်းပြသည်။

(ဤသတင်း ရေးသားသူ နန်းခမ်းဟေမာန်သည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။)

Show More

Related Articles

Back to top button