
ရန်ကုန် – ဇန်နဝါရီ လဆန်းပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ရှောင်စခန်းကို ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည် ၂ဝဝ နီးပါး စားသောက်နေထိုင်ရေးအတွက် ခက်ခဲနေတယ်လို့ စခန်းအတွင်း နေထိုင်သူတွေဆီကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သိရပါတယ်။
ရွှေ့ပြောင်းလာသူ အိမ်ထောင်စုပေါင်း ၄၇ ခုထဲမှာ ဇိုင်းအောင်၊ မဂါးယန် အစရှိတဲ့ တရုတ်နယ်စပ် စစ်ရှောင်စခန်းမှာ ခိုလှုံရာကနေ တပ်မတော်နဲ့ KIA အဖွဲ့ တို့ရဲ့တိုက်ပွဲတွေကြောင့် နေရာပြောင်းလာသူတွေ၊ တိုက်ပွဲအနီးက ဒေသခံတွေ ပါဝင်ပါတယ်။ အခုဆိုရင် မိုင်းနားစခန်းမှာ ဒုက္ခသည် အရေအတွက် ၁,၅ဝဝ ခန့်အထိ ရှိနေပါပြီ။
သိုလှောင်ထားတဲ့စားနပ်ရိက္ခာက ယခင် ရောက်ရှိ ခိုလှုံနေသူတွေအတွက်ပဲ လုံလောက်တယ်လို့ မိုင်းနားစစ်ရှောင်စခန်း တာဝန်ခံ ဦးငါးဘရန်အောင်က ပြောပါတယ်။
“စစ်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ မိသားစုတွေ အတွက်တော့ ဘာမှမရသေးဘူး” လို့ ဦးငါးဘရန်အောင်က ဆိုပါတယ်။
တရုတ်နယ်စပ် မဂါးယန်စစ်ရှောင်စခန်းကနေ ပြောင်းရွှေ့လာသူတွေထဲ ဦးလဂျာတို့ မိသားစုလည်း ပါပါတယ်။
“ရောက်ကတည်းက အခုအထိကို ဆန် ၆ ပြည် ရတယ်။ ဒါပေမဲ့ မလောက်ဘူး။ ကျွန်တော်တို့က မိသားစုများတော့ ပိုဆိုးတယ်။ နေတော့လည်း ၈ ယောက်စလုံး အဲဒီရွက်ဖျင်တဲထဲမှာပဲ စုပြုံပြီးနေရတာပဲ” လို့ ဦးလဂျာက ပြောပါတယ်။
အကူအညီပေးရေး အဖွဲ့တွေက ထပ်ရောက်လာတဲ့ ဒုက္ခသည်သစ်တွေထဲက အိမ်ထောင်စု ၉ ခု အတွက်ပဲ ရွက်ဖျင်တဲတွေ ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ကျန်တဲ့ အိမ်ထောင်စုပေါင်း ၃ဝ ကျော်က စစ်ရှောင်စခန်းအတွင်း စာသင်ဆောင်မှာ စုပြုံ တိုးဝှေ့ နေထိုင်ကြရတယ်လို့ စခန်းကော်မတီအဖွဲ့ဝင် မသင်းသင်းခိုင်က ပြောပါတယ်။ အစားအသောက်အတွက်လည်း စခန်းမှာရှိတဲ့ ဒုက္ခသည်တွေဆီကနေ မျှဝေစားသောက်နေရတယ်လို့လည်း သူကပြောပါတယ်။
ဒေါ်ထုဂျာတို့ မိသားစုကတော့ KIA ဌာနချုပ်အနီး လိုင်ဇာဒေသရဲ့ မြောက်ဘက် မိုင် ၄ဝ အကွာ တရုတ်နယ်စပ်နားက ဂျာထ ဆိုတဲ့ရွာလေးကနေ မိုင်းနား စစ်ရှောင်စခန်းကို ရောက်လာခဲ့တာပါ။
“ကိုယ့်ရွာပဲ ကိုယ်ပြန်ပြီး တောင်ယာလုပ်စားချင်တယ်၊ အဲဒါကြောင့် စစ်ပွဲတွေ မြန်မြန်ရပ်ပြီး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေရတယ် ” လို့ ကလေးနှစ်ယောက်မိခင် ဒေါ်ထုဂျာက ပြောပါတယ်။
စခန်းတာဝန်ခံ ဦးငါးဘရန်အောင်က ဒုက္ခသည်တွေအတွက် အဓိက အခက်အခဲဖြစ်နေတဲ့ ရိက္ခာ အထောက်အပံ့ ရရှိရေးအတွက် အကူအညီပေးရေးအဖွဲ့တွေကို တင်ပြထားပေမဲ့လည်း ယခုထက်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက် တစ်စောင်မှာလည်း ရွှေ့ပြောင်းခဲ့ရတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် အမိုးအကာ၊ အစားအစာနဲ့ ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
“ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဇိုင်အောန်/မောင်ဂါဇွပ် နေရပ်စွန့်ခွာ တိမ်းရှောင်သူစခန်း အနီးသို့ မော်တာကျည်များ ကျရောက်ခဲ့သည့်အတွက် စခန်းတွင်နေထိုင်သည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂,၅၀၀ ကျော်မှာ စခန်းမြောက်ဘက် ကီလိုမီတာ အနည်းငယ် ကွာေဝေးသောနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး၊ ယာယီအမိုးအကာဖြင့် နေထိုင်ကြရလျက်ရှိပါသည်” လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာလည်း ကချင်ပြည်နယ်က လတ်တလော နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံကို ကိုးကား ဖော်ပြထားပါတယ်။
“ငါးနှစ်ကြာပြီးတဲ့နောက်မှာ ကျွန်မတို့ စခန်းကနေတောင် ထွက်ပြေးနေရပြီ။ ပြန်ဖို့တော့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးထင်တယ်” လို့ အဲဒီအမျိုးသမီးက လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ဌာနေကိုယ်စားလှယ်ကို ပြောပါတယ်။
KIA, TNLA, AA, MNDAA စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ဖြစ်ပွားတဲ့ မုံးကိုးတိုက်ပွဲနောက်ပိုင်း တပ်မတော်က KIA ရဲ့ ဂီဒွန် စခန်းနဲ့ ကျန်တဲ့ အရေးပါတဲ့ စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ ။