သတင်း

စော်ကားခံရသည်ဟူသော ကလေး ၇ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့်ပိတ်ထား

ရန်ကုန် – ဗိုလ်တထောင်မြို့နယ်၌ ဖေဖော်ဝါရီလအတွင်း ကလေးငယ် ခုနစ်ဦး လိင်အကြမ်းဖက်ခံရသည်ဟု ဆိုသောအမှုတွင် ကလေးငယ်များကို မွေးစားထားသည့် အမေရိကန်နိုင်ငံသား ခံယူထားသူ ဒေါ်စန်းပွင့်ဖြူ (ခေါ်) ဒေါ်ခမ်းကို နိုင်ငံထဲမှ ထွက်ခွာမသွားရေးအတွက် တားမြစ်ပေးရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိသူတစ်ဦးက ပြောသည်။

အသက် ၅ဝ အရွယ် ဒေါ်စန်းပွင့်ဖြူသည် မြန်မာနိုင်ငံအတွင်း၌သာ ရှိနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာက ပြောသည်။ ၎င်းနေထိုင်ရာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်လမ်းသွယ် ၃ ရှိ နေအိမ်တိုက်ခန်းကိုမူ တံခါးသော့ခတ် ပိတ်ထားသည်။ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်၍ မရပေ။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသည်ဆိုသော ကလေးငယ်များမှာ ၃ နှစ်မှ ၁၁ နှစ်အရွယ်အထိ ဖြစ်သည်။ အကြီးဆုံးကလေးကို ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ကျန်ကလေးများကို ရွှေဂုံတိုင် ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းဌာနတွင် ပြုစုစောင့်ရှောက် ထားကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးဌာနမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က ပြောသည်။

ဒေါ်စန်းပွင့်ဖြူသည် ၂ဝဝ၈ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသားခံယူထားကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးတချို့ကို ၎င်းအမည်နှင့်သာမက ဆွေမျိုးတော်စပ်သူတစ်ဦး၏ အမည်နှင့်ပါ မွေးစားခဲ့သူဖြစ်ကြောင်း ကြီးကြပ်ရေးမှူးက ဆက်ပြောသည်။

မွေးစားမိခင် မရှိခိုက် ကလေးများကို စောင့်ရှောက်ပေးရသည့် ဒေါ်မာမာညိုသည် ကလေးငယ်များကို ကြိုးဖြင့် ချည်ထားခြင်း၊ ရိုက်နှက်ခြင်း၊ ပိတ်လှောင်ခြင်းများ ပြုလုပ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူတချို့က ယူဆနေကြသည်။

ဒေါ်မာမာညိုကမူ ကလေးများကို ဆုံးမရ လွယ်ကူစေရန် တုတ်ပြ၍ ခြောက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ကြောက်လောက်တဲ့ အနေအထားရှိအောင်တော့ ခြောက်ရတာပေါ့။ ကလေးတွေက ကျွန်မဆိုရင် ကြောက်တယ်။ လိမ်တဲ့ကလေးက လိမ်တယ်။ မလိမ်တဲ့ကလေးက မလိမ်ဘူး။ တုတ်နော် လို့ ပြောလိုက်ရင် ကြောက်သွားတဲ့ကလေးရှိသလို မကြောက်တဲ့ကလေးလည်းရှိတယ်။ တချို့တွေက ကျွန်မကို နှိပ်စက်တယ်လို့ ထင်ကြတယ်” ဟု ဒေါ်မာမာညိုက Myanmar Now ကို ပြောသည်။

ဧပြီလကုန်ပိုင်း တရားရုံးတွင် သက်သေထွက်ဆိုစဉ်ကလည်း ဒေါ်မာမာညိုက အလားတူ ပြောဆိုထားသည်။

ကလေးများ၏ မွေးစားမိခင်နှင့် ရင်းနှီးခဲ့သည်မှာ နှစ် ၂ဝ နီးပါးရှိပြီဖြစ်ကြောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ နေအိမ်တိုက်ခန်းတွင် ၂ဝ၁၅ ခုနှစ်ကတည်းက နေထိုင်ပြီး ကလေးများကို စောင့်ရှောက်ပေးခဲ့ကြောင်း ဒေါ်မာမာညိုက ပြောသည်။

မွေးစားမိခင်၏ ယာဉ်မောင်း

ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ်သည်ဟု စွပ်စွဲခံထားရသူ ၄၃ နှစ်အရွယ် ဦးလှမိုး (ခေါ်) နီတွတ်သည် ဒေါ်စန်းပွင့်ဖြူ၏ ယာဉ်မောင်းသူဖြစ်သည်။ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးဌာနမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က ဗိုလ်တထောင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းထားကြောင်း ထိုစခန်းမှ စခန်းမှူး သက်နိုင်ဦးက ပြောသည်။

ရဲစခန်းက ဦးလှမိုးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၇၇ (မုဒိမ်းမှု၊ ဓမ္မတာနှင့်ဆန့်ကျင်သောလိင်ဆက်ဆံမှု) တို့ဖြင့် အရှေ့ပိုင်း ခရိုင် တရားရုံးတွင် တရားစွဲဆိုထားသည်။

ကလေးထိန်း ဒေါ်မာမာညိုက ဦးလှမိုးနှင့် မေးထူးခေါ်ပြောထက်ပိုပြီး မရင်းနှီးကြောင်း၊ မုဒိမ်းမှုစွပ်စွဲချက်များ မှန်မမှန်ကို ကိုယ်တိုင်မသိသဖြင့် မဝေဖန်လိုကြောင်း ပြောသည်။

သို့သော်လည်း ဦးလှမိုးက လိင်ပိုင်း အမြတ်ထုတ်သည်ဟု ကလေးငယ်နှစ်ဦးက ပြောပြဖူးကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး အသိပေးရာတွင် မွေးစားမိခင်က ယုံကြည်ခြင်း မရှိကြောင်း ဒေါ်မာမာညိုက ဆက်ပြောသည်။

ယာဉ်မောင်းသူ၏ အစ်မဖြစ်သူ ဒေါ်ခင်လေးကမူ ၎င်း၏မောင်ဖြစ်သူသည် စွပ်စွဲခံရခြင်းသာဖြစ်သည်ဟု ဆိုသည်။

“မောင်လေးက (ကလေးတွေ) အိမ်ခေါ်လာတာကို ကျွန်မတို့က ကြည့်ပေးတာပါ။ ကျွန်မတို့က အေးအေးဆေးဆေး နေတယ်။ ကိုယ့်သားသမီးတွေလို သဘောထားလုပ်ကိုင်ပေးတယ်။ အစ်မတို့တစ်လမ်းလုံးကလည်း ကလေးတွေကိုသိတယ်။ (စွပ်စွဲချက်တွေ) မဟုတ်မှန်းလည်း သိတယ်။ ကျွန်မတို့က ဘာမှ မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။

အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိသည်။ မွေးစားမိခင်ကို တရားရုံးက အဆက်အသွယ်လုပ်၍ မရသေးကြောင်း၊ ကလေးထိန်းသူကို မေ ၁၂ ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ။

Show More

Related Articles

Back to top button