သတင်း

အင်းစိန်ထောင်တွင် ညှဉ်းပန်းမှုရှိနေကြောင်း အကျဉ်းသားဟောင်းတစ်ဦး ထုတ်ဖော်

ရန်ကုန် – ရန်ကုန်၊ အင်းစိန်ထောင်တွင် အကျဉ်းသားအခွင့်အရေးဆိုင်ရာ တိုးတက်မှုများဖြစ်ပေါ်နေသော်လည်း ရိုက်နှက်မှု၊ ငွေကြေးအဓမ္မတောင်းခံမှု၊ ငွေကြေးပေးနိုင်ခြင်းအပေါ် မူတည်၍ အလုပ်တာဝန်ခွဲဝေမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကိုလှဖုန်းက Myanmar Now ကို ပြောသည်။

ကိုလှဖုန်းသည် တပ်မတော်ခေါင်းဆောင်များအား အင်တာနက်ပေါ်တွင် သရော်လှောင်ပြောင်သည့် ပုံများ လွှင့်တင်နေသော ကြက်ဖကြီးအမည်ရှိ ဖေ့စ်ဘွတ်သုံးစွဲသူဟု စွပ်စွဲဖမ်းဆီးခံရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အလံအက်ဥပဒေ ပုဒ်မ ၁၆ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်ထောင်တွင် တစ်နှစ်နှင့် သုံးလကြာပြီးနောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၂၄ ရက်နေ့တွင် လွတ်မြောက်လာခဲ့သူဖြစ်သည်။

သူထောင်စရောက်ချိန်က အထွေထွေအကျဉ်းသားများနှင့် ရက်အနည်းငယ်နေခဲ့ရပြီး၊ အကျဉ်းထောင်အုပ်ချုပ်ရေးတွင် ရာထူးများရထားသော ရာဇဝတ်အကျဉ်းသားကြီးများက အချုပ်သားတို့ကို ရိုက်နှက်နေသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း သူကဆိုသည်။

“(အကျဉ်းသား)အသစ်တွေ ရောက်လာရင် ပိုက်ဆံပါလား မပါလား ပေါ်တင်ပဲမေးတယ်။ ပါတဲ့သူ ပိုက်ဆံ ၅,ဝဝဝ ပေး၊ ပါတဲ့သူနဲ့ မပါတဲ့သူကို သက်သက်ခွဲထိုင်ခိုင်းတယ်။ ပိုက်ဆံပေးတဲ့လူဆို ပုံစံနဲ့ မထိုင်ခိုင်းဘူး။ ပိုက်ဆံမပေးတဲ့သူဆို အဲ့မှာ စည်းကမ်းထိန်းတဲ့သူကြီးဆိုသူက ထိုင်ဆိုထိုင် ထဆိုထ၊ မှားရင်ရိုက်တယ်။ နားရွက်နှစ်ရွက်ကို အသားကုန်ရိုက်တာတွေ၊ ကျောကုန်းကို ဖနောင့်နဲ့ထု၊ ရင်ဘတ်ကို ဆောင့်ကန်တာ”ဟု ကိုလှဖုန်းက Myanmar Now ကို ပြောသည်။

မုဒိမ်းမှုဖြင့် အထိန်းသိမ်းခံရသူဆိုပါက ဝိုင်းဝန်းရိုက်နှက်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

“ရိုက်တဲ့သူတွေက ထောင်ဝန်ထမ်းတွေ မဟုတ်ဘူး။ အကျဉ်းသားတွေပဲ။ ထောင်ပိုင်ကြီးက ဒီအခြေအနေကို မသိဘဲ သူ့လက်အောက်က ထောင်မှူးတွေလုပ်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်သိသလောက်တော့ ထောင်ပိုင်ကြီးက သဘောကောင်းတယ်။ အကျဉ်းသားတွေကလည်း သူ့ကိုသဘောကျကြတယ်” ဟု ကိုလှဖုန်းက ဆိုသည်။

တိုးတက်ဖြစ်ထွန်းမှု

အကျဉ်းသားများ၏ အစားအသောက်နှင့် အားကစားလုပ်နိုင်ခွင့်အခြေအနေများ၊ နေ့စဉ် ရုပ်မြင်သံကြားကြည့်ရှုနိုင်ခွင့်၊ အကျဉ်းထောင်စာကြည့်တိုက်မှ စာအုပ်များဖတ်ရှုနိုင်ခွင့် စသည့် တိုးတက်မှုအများအပြား ဖြစ်ပေါ်နေသော်လည်း အကျဉ်းသားတို့ထံမှ ငွေကြေးတောင်းခံမှုများလည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

ထောင်အရာရှိများကလည်း ငွေကြေးမတတ်နိုင်သော၊ မိသားစု ထောင်ဝင်စာမတွေ့နိုင်သော အကျဉ်းသားတို့ကို မိလ္လာပုံးသယ်ခိုင်းပြီး၊ ထောင်တွင်းရှိ တောင်ယာစိုက်ခင်းများ၌ မိလ္လာလောင်းခိုင်းခြင်း စသည့် အလုပ်များခိုင်းစေကာ ပိုက်ဆံရှိအကျဉ်းသားများကိုမူ ထိုကဲ့သို မခိုင်းစေကြောင်း ၎င်းကပြောသည်။

မြန်မာပြည်တွင် အကြီးမားဆုံးအကျဉ်းထောင်ဖြစ်ပြီး အကျဉ်းသားဦးရေ ၁၁,ဝဝဝ ခန့်ရှိသော အင်းစိန်ထောင်တွင် အကျဉ်းသားများကို ထမင်းအဝကျွေးကြောင်း၊ တစ်ပတ်လျှင် အသားဟင်းနှစ်ခါကျွေးပြီး၊ ထောင်ပိုင်ကြီး၏ အစီအစဉ်ဖြင့် ငါးကြင်းပေါင်းဟင်းလျာကိုလည်း တစ်လတစ်ခါ ကျွေးမွေးကြောင်း၊ ချိုးရေသုံးရေကိုလည်း အလုံအလောက်စီမံထားရှိသည်ကို မြင်ခဲ့ကြောင်း ကိုလှဖုန်းက ပြောသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ကိုလှဖုန်းမှာ အထွေအထွေအကျဉ်းသားများနေထိုင်သည့် အဆောင်များတွင် မနေခဲ့ရဘဲ၊ နိုင်ငံရေးအကျဉ်းသားများသီးသန့်ထားရှိသည့် တိုက်တန်းလျားများတွင် နေခဲ့ရသည်။ ကိုလှဖုန်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားများမှာမူ ထောင်ရောက်သည့်နေ့မှစ၍ မည်သည့်အခါမျှ ရိုက်နှက်ခြင်း၊ အလုပ်ခိုင်းစေခြင်းများ မခံရဘဲ၊ စာဖတ်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခြင်းများနှင့်သာ အချိန်ကုန်ဆုံးရကြောင်း သိရှိရသည်။

အကျဉ်းဦးစီးဌာန တုံ့ပြန်ချက်

ထောင်အတွင်း လာဘ်ပေးလာဘ်ယူမှု မပြုရန် တားမြစ်ထားသည့် ဥပဒေ၊ စည်းကမ်းများရှိသည်ဟု အကျဉ်းဦးစီးဌာန ပြောခွင့်ရအရာရှိက ပြောသည်။

“(ငွေကြေး) ယူတယ်၊ မယူဘူး အဲ့ဒါမျိုးကျတော့ ကျွန်တော်တို့လည်း တိတိပပ မပြောတတ်ဘူး။ ဥပဒေအရတော့ ဘာမှကို ပေးလို့မရတာ” ဟု နေပြည်တော်အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

အကျဉ်းသားများကို ရိုက်နှက်မှု၊ ငွေကြေးပေးမပေးပေါ်မူတည်ပြီး ခွဲခြားခိုင်းစေခြင်းခံရမှုတို့နှင့် ပတ်သက်၍ တိုင်ကြားသူရှိခဲ့လျှင် စုံစမ်းစိစစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမည်ဟု ၎င်းက ဆက်ပြောသည်။

အင်းစိန်ထောင်ပိုင်ကြီး ဦးမျိုးဦးက အကျဉ်းသားချင်း နိုင်ထက်စီးနင်းမလုပ်ကြရန် ထောင်တွင်းစီမံအုပ်ချုပ်သူ အဆင့်ဆင့်က စောင့်ကြည့်စစ်ဆေးပေးနေသည်ဟု ပြောဆိုကြောင်း ဇွန် ၁၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ အကျဉ်းထောင်ရဲ့စီမံအုပ်ချုပ်က ပြောင်းလဲနေပါပြီ။ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်အကျဉ်းထောင်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ရှိမရှိဆိုတာ အချိန်မရွေး လာစစ်ဆေးနိုင်ပါတယ်” ဟု ထောင်ပိုင်ကြီးက The Voice Daily သတင်းစာကို ပြောသည်။

(စုစုသည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ယာယီလုပ်ကိုင်လျက်ရှိသည်)

Show More

Related Articles

Back to top button